ပဲခူး စက်တင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်ထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ဆန်နှင့်အခြေခံစားကုန်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အထွေထွေအုပ်ချုပ်ရေးစီးဌာန ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းပီသစွာ နိုင်ငံတော်အပေါ်သစ္စာရှိရှိဖြင့် အစိုးရ၏ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်စေရေး ရုံးလုပ်ငန်းများဆောင်ရွက်ပေးနေသည့် အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ နိုင်ငံတော်အစိုးရအတွက် အလွန်အရေးပါသည့် နိုင်ငံ့ဝန်ထမ်းများ ဖြစ်၍ မိမိတို့၏ ဌာနရည်မှန်းချက်များနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကောင်းမွန် ခဲ့သော သမိုင်းဂုဏ်ကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားကြစေလိုကြောင်း၊ ဝန်ထမ်းများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မခံရစေရေး ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိဖြင့် နေထိုင်သွားလာကြရန်နှင့် အခက်အခဲရှိပါက ဝိုင်းဝန်းကူညီ ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဝန်ထမ်းများနှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအတွက် ဆန်(၁၈)အိတ်၊ ဆီ(၂၁၅)ဗူး၊ ကုလားပဲ(၃)အိတ်၊ ဆား(၃)အိတ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ရာ ဝန်ထမ်းများကိုယ်စား ပဲခူးတိုင်းဒေသကြီးအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများမှ လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီးပြန်/ဆက်