ဖာပွန်ခရိုင်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် တတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်

ဖာပွန်   ဩဂုတ်    ၁၆

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းရှိ ဖာပွန်မြို့နယ်နှင့်ကမမောင်းမြို့များရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု များအတွက် နိုင်ငံတော်အစိုးရမှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် ထောက်ပံ့သည့် ထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာများရှိ အိမ်ထောင်စု(၂၅၇၈)စုထံသို့ လက်ဝယ် အရောက်ပေးအပ်ခြင်းကို ယမန်နေ့နံနက်(၈)နာရီက စတင်၍ ကွင်းဆင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု များ၏ အလုပ်အကိုင် အခက်အခဲဖြစ်မှုအပေါ် ယခုလိုငွေကြေး ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း၊ ထောက်ပံ့ငွေ များကို အိမ်ထောင်စုများ လက်ဝယ်အရောက် စနစ်တကျ ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးညွန့်ဦး က ပြောကြားသည်။

အဆိုပါ ထောက်ပံ့ငွေများပေးအပ်ခြင်းကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစောဝင်းထိန်၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးညွန့်ဦး၊ ဒုတိယဦးစီးမှူး ဦးဇော်လင်းနိုင်၊ မြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ အိမ်ထောင်စု တစ်စုလျှင် ထောက်ပံ့ငွေကျပ်(၂၀၀၀၀) နှုန်းဖြင့် ဖာပွန်မြို့နယ်၊ ရပ်ကွက်(၄) ရပ်ကွက်ရှိ အိမ်ထောင်စု(၁၉၅)စုနှင့် ကျေးရွာအုပ်စု(၅)အုပ်စုရှိ အိမ်ထောင်စု(၄၅၇)စု၊ စုစုပေါင်း အိမ်ထောင်စု (၆၅၂)စု တို့အတွက် ထောက်ပံ့ငွေကျပ်(၁၃၀၄၀၀၀၀) ကိုလည်းကောင်း၊ကမမောင်းမြို့ ၊ရပ်ကွက် (၄) ရပ်ကွက်ရှိ အိမ်ထောင်စု (၁၆၀၂)စုနှင့် ကျေးရွာအုပ်စု (၃) အုပ်စုရှိ အိမ်ထောင်စု(၃၂၄)စု စုစုပေါင်းအိမ်ထောင်စု (၁၉၂၆)စုတို့အတွက် ထောက်ပံ့ငွေကျပ်(၃၈၅၂၀၀၀၀) ကိုလည်းကောင်း ၊ ဖာပွန်ခရိုင် အတွင်း အိမ်ထောင်စု(၂၅၇၈)စုတို့အတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၅၁၅၆၀၀၀၀)ကို လိုက်လံ ထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း သိရသည်။

စိုင်းကျော်ဝဏ္ဏ၊တိုးဝေဇင်(ပြန်ဆက်)