တောင်ငူ စက်တင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရန် နေထိုင်သွားရမည့် အချက်များနှင့် ကာကွယ်ဆေးထိုးနှံနိုင်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တောင်ငူမြို့နယ်တွင် စက်တင်ဘာလ(၂၂)ရက်နေ့ထိ ကိုဗစ်-၁၉ ရောဂါ အခြေအနေအရ ပိုးတွေ့ရှိမှု လျော့နည်းလာသော်လည်း တားဆီးကာကွယ်ရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက် သွားရမည် ဖြစ်သောကြောင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေးဆိုင်ရာ ထုတ်ပြန်ချက်များ၊ လူစုလူဝေး မပြုလုပ်ကြပါရန်၊ မဖြစ်မနေ အရေးကြီးကိစ္စများကြောင့် အပြင်သွားလာရပါက ပါးစပ်နှင့်နှာခေါင်းစည်း Maskများ စနစ်တကျ တပ်ဆင်သွားလာနိုင်ရန်၊ အပြင်မှပြန်လာပြီးတိုင်း ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်ကြရန် စသည့်ကူးစက်ရောဂါ ပြန့်ပွားမှုအား ထိန်းချုပ်နိုင်ရေးအတွက် မိဘပြည်သူများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော် ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တောင်ငူမြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ပထမအကြိမ်ထိုးနှံရန် ဦးစားပေးအုပ်စုများအဖြစ် အသက် ၅၅ နှစ်နှင့် အထက် သက်ကြီးရွယ်အိုများ၊ အစိုးရနှင့်ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိက စက်ရုံအလုပ်ရုံ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ EAOများ၊ အကျဉ်းထောင်များမှ အကျဉ်းသား အချုပ်သားများ၊ ဟိုတယ် မိုတယ်နှင့်တည်းခိုခန်း အစားအသောက် ဝန်ဆောင်မှု လုပ်ငန်းများမှ ဝန်ထမ်းများ၊ စျေးသူစျေးသားများနှင့်စျေးရောင်းချသူများ၊ ပုဂ္ဂလိက သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများ၊ မသန်စွမ်းများ၊ နာတာရှည်ရောဂါအခံရှိသူများအား ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ဆေးထိုးစုရပ်အဖြစ် ဂေဂိုဂယ်ဘားခရစ်ယာန်ကျောင်း၊ အ.ထ.က (၂)၊ မြစည်းခုံ သာသနာ့ဗိမာန်ဟောင်း၊ ကေတုမတီမြို့သစ် အ.ထ.က၊ သင်္ဘောဦးကျောင်းတိုက် အမှတ်(၉) ရပ်ကွက် ၊ ဒက္ခိဏရာမကျောင်းတိုက်အမှတ် ၂၁ ရပ်ကွက် ၊ မြတ်စောညီနောင်ဘုရား (ဒိုးသောင်ကျေးရွာအုပ်စု) များအတွက် စုရပ်နေရာအသီးသီး၌ ဆေးထိုးနှံနိုင်ရေး ကျယ်ကျယ် ပြန့်ပြန့်သိရှိစေရေး နှိုးဆော်အသိပေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇော်ထက် (တောင်ငူ)