မြို့သစ် ဩဂုတ် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ၊မြို့သစ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေတိုက်စားရာမှ ပြိုကျသွားသော သစ်သားတံတားအား ပြန်လည်အသုံးပြုသွားလာနိုင်ရေး အတွက် ဒေသခံပြည်သူများ၏ စုပေါင်းဆောင်ရွက်မှုဖြင့် ယမန်နေ့ နေ့လယ် ၂ နာရီခန့်က ယာယီချောင်းကူး တံတားအား ကိုယ်ထူ ကိုယ်ထ ဆောက်လုပ်ပြီးစီးခဲ့ကြောင်းသိရသည်။
အဆိုပါယာယီချောင်းကူးတံတားအား တိုင်စိုက်၍ မျောတုံးများခံကာ တံတားကြမ်းခင်းခင်းရန်အတွက် ရေတိုက်စား၍ ပြိုကျပျက်စီးရာမှ ပြန်လည်ဆယ်ယူရရှိသော ပစ္စည်းများ၊ လိုအပ်သည့်သစ်များ ထပ်မံဖြည့်ဆည်းကာ ရွာသာကျေးရွာနှင့် မွေလင်းကျေးရွာမှ ဒေသခံပြည်သူများက စုပေါင်း၍ ဆောက်လုပ်ခဲ့ကြခြင်းဖြစ်ပြီး ထပ်မံ ပြုလုပ်ထားသည့် ယာယီချောင်းကူး တံတားအရှည်မှာ ပေ ၇၀ ခန့်ရှိကြောင်းသိရသည်။
အဆိုပါတံတားသည် မြို့သစ်မြို့နှင့် ရွာသာကျေးရွာကြား နန့်သလားချောင်း သစ်သားတံတားဖြစ်ပြီး မြို့သစ်မြို့နှင့် ရွာသာကျေးရွာသည် ငါးမိုင်ငါးဖါလုံ၊ ရွာသာနှင့်မွေလင်းကျေးရွာသည် ငါးဖါလုံခန့်ကွာဝေး ၍ ရွာသာကျေးရွာနှင့်မွေလင်းကျေးရွာမှ ဒေသခံများ၊ကျောင်းသားကျောင်းသူများ မြို့သစ်မြို့သို့ ဆက်သွယ်သွားလာရာတွင် အားထားရသည့်တံတားတစ်စင်း ဖြစ်ကြောင်း သိရသည်။
ထွန်းမင်းအောင်(ကဘော်မြေ)