သဲကုန်းမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိ

သဲကုန်း စက်တင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် သဲကုန်းမြို့နယ်  ပြည်သူ့ဆေးရုံ၊ ဆင်မြီးဆွဲမြို့ တိုက်နယ်ဆေးရုံ၊ ပုတီးကုန်းမြို့လယ်ဓမ္မာရုံ၊ အထက(ဝက်ပုတ်)၊ အင်းမမြို့စိုက်ပျိုးရေး အထွက်တိုးစခန်း စသည့်ဆေးထိုးစုရပ် အသီးသီးတွင် အသက်(၅၅)နှစ်နှင့် (၆၄)နှစ်အတွင်းရှိ ပြည်သူများအား ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) အမျိုးအစားအား နံနက် ၉ နာရီမှ စ၍ နေ့စဉ်ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

အဆိုပါဆေးထိုးစုရပ်အသီးသီးတို့၌ စက်တင်ဘာ ၁၅ ရက်နေ့မှစတင်၍ ယနေ့အထိ သံဃာတော်/သီလရှင် သာသနာ့ဝန်ထမ်းများအပါအဝင် အသက်(၅၅)နှစ်နှင့် အထက်ရှိသူများ၊ မသန်စွမ်းသူများနှင့် (ဆီးချို၊ သွေးထိုး၊ နှလုံး)အစရှိသော ကူးစက် ရောဂါမဟုတ်သည့် နာတာရှည်ရောဂါအခံရှိသူများ၊ ပုဂ္ဂလိက/စက်ရုံ အလုပ်ရုံဝန်ထမ်းများ စုစုပေါင်း(၄,၁၂၅)ဦးအား  တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတစေတနာ့ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က စနစ်တကျမှတ်တမ်းရေးသွင်းကာ ကိုယ်အပူချိန်တိုင်းတာ‌၍ သွေးပေါင်ချိန်ပေးခြင်းတို့ ဆောင်ရွက်ပေးပြီး ကျန်းမာရေးသတ်မှတ် စည်းကမ်းချက်များနှင့်အညီ  ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်းနှင့် နိုင်ငံ့ဝန်ထမ်းများအပါအဝင် ဆေးထိုးရန် ကျန်ရှိနေသူများကို ဦးတည်အုပ်စု အလိုက်ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှသိရသည်။

နိုင်လင်း(မြို့နယ်ပြန်/ဆက်)