မြောင်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား တတိယအကြိမ် ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်

မြောင် ဩဂုတ်၁၆

စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော လူတန်းစားများအား နိုင်ငံတော်မှ တတိယအကြိမ် တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀၀၀၀)ကျပ် ထောက်ပံ့ပေးခြင်းကို ယနေ့ နံနက်ပိုင်းကစ၍ တာဝန်ရှိသူများက ပြည်သူ များလက်ဝယ် အရောက်ပေးအပ်ခဲ့ကြကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း နိုင်ငံတော်မှ ပထမဆုံးအကြိမ်အဖြစ် အခြေခံလူတန်းစားများအား စာသောက်ကုန်များ ထောက်ပံ့ပေးခဲ့ပြီး ငွေကျပ် ထောက်ပံ့ခြင်းမှာ တတိယ အကြိမ်ဖြစ်ကြောင်းသိရသည်။

နိုင်ငံတော်မှ ငွေကျပ် ထောက်ပံ့ခြင်းကို ပထမအကြိမ်တွင်(၁၅၀၀၀)ကျပ်၊ ဒုတိယအကြိမ်တွင်ငွေ ကျပ်(၂၀၀၀၀)နှုန်း၊ ယခုတတိယအကြိမ်တွင် ငွေကျပ်(၂၀၀၀၀)နှုန်းတို့ကို ထောက်ပံ့ပေးခဲ့ရာ မြောင်မြို့ နယ်အတွင်း ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း (၈၂) ရွာရှိ အိမ်ထောင်စုပေါင်း (၁၆၃၁၈) စု တို့အား လက်ဝယ် အရောက် ထောက်ပံ့ ပေးခဲ့ကြကြောင်း သိရသည်။

တင်ကိုကို(မြောင်)