မင်းဘူး ဩဂုတ် ၁၆
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ရွာသာကျေးရွာတွင် ဆည်ရေမရ မိုးမရွာသော်လည်း ကိုယ်ပိုင် စက်ရေတွင်း တူးဖော်ပြီး မိုးစပါးများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြောင်း ရွာသာကျေးရွာ မိုးစပါးစိုက် တောင်သူ ဦးဝင်းဗိုလ်ထံမှ သိရသည်။
မိုးစပါးများကို တဆံကျဲပက် စိုက်ပျိုးခြင်း၊ အစေ့ချစက်ဖြင့် စိုက်ပျိုးခြင်းမျိုးမဟုတ်ဘဲ ရှေးသမရိုးကျ ပျိုးထောင်၍ စိုက်ပျိုးခြင်းမျိုးဖြစ်သည်။ ပျိုးထောင် စိုက်ပျိုးခြင်းမျိုးသည် စပါးအထွက်နှုန်း ကောင်းပြီး စရိတ်စကပိုများသည်။ အစေ့ချ စိုက်ပျိုးခြင်းသည် တစ်ခါတည်းနှင့် ပြီးသော်လည်း ပျိုးထောင် စိုက်ပျိုးခြင်းသည် တစ်ခါတည်းနှင့် အပြီးဘဲပျိုးနုတ်၊ ပျိုးပင်သယ်၊ ကောက်စိုက်ပြီး ထိုအဖိုးအခများပါ ပေးရသည့်အတွက် ငွေကြေးအရင်းအနှီး ပိုစိုက်ထုတ်ရသည်။ ပြီးခဲ့သည့်နှစ်က သူ၏လယ်ဧကအားလုံး စိုက်ပျိုးနိုင်သော်လည်း ယခုနှစ်တွင် စက်ဖိုး၊ ဆီဖိုး၊ စက်ရေတွင်းတူးခ၊ ကောက်စိုက်ခ၊ ပျိုးနုတ်ခများနှင့် ကုန်ကျစရိတ်များ လာသောကြောင့် လယ် ၁၀ ဧကသာ စိုက်ပျိုးနိုင်ကြောင်း သိရသည်။
"ကျွန်တော့်မှာ လယ် ဧက ၂၀ ရှိပါတယ်။ မိုးလေလည်းမှန်မယ်၊ ပေါင်းမြက်နုတ်ပေးမယ်၊ မြေဩဇာ မှန်မှန် ကျွေးပေးမယ်ဆိုလျင် လယ်တစ်ဧကကို စပါးတင်း ၈၀ အထိထွက်ပါတယ်။ မိုးလေဝသ လည်း မမှန်ဘဲ ရေကငတ်တလှည့် ပြတ်တလှည့်ဖြစ်မယ် ပေါင်းမြက်မနုတ်ဘူး မြေဆွေး မြေဩဇာလည်း မကျွေးနိုင်ဘူးဆိုလျှင် စပါးအထွက်နှုန်း မကောင်းပါဘူး။ ပြီးခဲ့သည့် နှစ်က စပါးအထွက်နှုန်းကောင်းပြီး စပါး ( ၁ )တင်းကိုလည်း ၅၀၀၀ ကျပ်ရောင်းရပါတယ်။ ဒီနှစ်တော့ အကုန်အကျများပြီး လယ် ၁၀ ဧကကို ကျပ် ၇ သိန်းဖိုးလောက် ကုန်ကျပါတယ် '' ဟု ရွာသာကျေးရွာ စပါးစိုက်တောင်သူ ဦးဝင်းဗိုလ်က ပြောသည်။
ဇေယျာထက် (မင်းဘူး)