ပုလော ဩဂုတ် ၁၆
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူ၀င်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်၀န်ကြီး ဦးကျော်မင်း နှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများသည်ယမန်နေ့ နံနက် (၉)နာရီက ပုလောမြို့နယ် ပ၀တ်ဖျား ကျေးရွာ ခရစ်ယာန် ဘုရားကျောင်း၌ ပ၀တ်ဖျား ကျေးရွာပြည်သူများ နှင့် တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲ၌ ၀န်ကြီးက နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ရန် ကျန်ရှိနေသော ပြည်သူ များအား နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ပြုလုပ်ရန်လိုအပ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပါ၀င်နိုင်ရန် မဲဆန္ဒရှင်စာရင်းများ ကြည့်ရှုရန် လိုအပ်ကြောင်း၊ ပြင်ဆင်ရန်ရှိသည်များကို ပြင်ဆင်နိုင် ရပ်ကွက်/ကျေးရွာ ကော်မရှင်များထံ ပုံစံများ တောင်းခံ၍ ပြင်ဆင်ရမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ လူငယ်များ လမ်းမှားမရောက်စေရန် ထိန်းသိမ်းစောင့်ရှောက်ဖို့လိုအပ်ကြောင်း၊ သဘာ၀ဘေး အန္တရာယ် ဖြစ်ပေါ်လာပါက အချိန်မီ သတင်းပေးပို့ကြစေလိုကြောင်း နှင့် အချိန်နှင့်တစ်ပြေးညီ သိရှိမှသာ လိုအပ်သော ပံ့ပိုးမှုများကို ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသည့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ လူ၀င်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဆိုင်ရာ မြို့နယ် ဦးစီးမှူးရုံး၊ မြို့နယ် လမ်းဦးစီးဌာန၊ မြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြိုနယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့နယ်ကျန်းမာရေး ဌာနနှင့် မြို့နယ် ပညာရေး ဌာနတို့က ၄င်းတို့၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို ချပြရှင်းလင်းခဲ့ကြောင်းနှင့် ဒေသခံ ပြည်သူ များက သိရှိလိုသည်များ မေးမြန်းခဲ့ရာ ၀န်ကြီးနှင့် တာ၀န်ရှိသူများက ပြန်လည် ဖြေကြား ခဲ့ကြောင်း သိရသည်။
ဆက်လက်၍နေ့လယ်(၁)နာရီ၌ ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ တွင် ၀န်ကြီး ဦးကျော်မင်း သည် Covid-19 အဆုပ်ရောင် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေး ကော်မတီနှင့်တွေ့ဆုံ၍ ပုလောမြို့နယ် ၌ Covid-19 ရောဂါလက္ခဏာ တွေ့ရှိသည့် လူနာမရှိသေးသော်လည်း အချိန်ကာလကြာမြှင့်သည်နှင့် အမျှ ယိုယွင်းမှုများ ရှိလာ၍ ပြည်ပ နိုင်ငံများမှ တရား၀င် / တရားမ၀င် ၀င်ရောက်သည့် ပြည်သူများကို Facility Quaratine ကို စနစ်တကျ ထားရှိနိုင်ရန် အရေးကြီး ကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း တရားမ၀င် ၀င်ရောက်လာသည့် ပြည်တော်ပြန်များအတွက် လိုအပ်သော အမိန့်ကို ထုတ်ပြန်ရန် စီစဉ်ထားရှိပြီး ဖြစ်ကြောင်း၊ ရပ်ကွက်/ကျေးရွာ ရှိ လူမှုရေး အဖွဲ့အစည်းအသီးသီး၏ ပူးပေါင်း အားရယူ၍ မြို့နယ် အနေဖြင့်လည်း ထုတ်ပြန်ထားသည့် အမိန့်ကို လိုက်နာရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့ပြီး ကော်မတီ၀င်များကလည်း လိုအပ်ချက်များကို ပြန်လှန်ဆွေးနွေးတင်ပြခဲ့ကြသည်။
ဆက်လက်၍ နေ့လယ် (၂)နာရီ၌ ပ၀တ်ကုန်းကျေးရွာ၊ အထကခွဲ(ကျောင်း)တွင် ၀န်ကြီးနှင့် အဖွဲ့သည် ပ၀တ်ကုန်း ကျေးရွာ ပြည်သူများနှင့် ထပ်မံ၍ တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အေးအေးမော် (ပုလော ပြန်/ဆက်)