တမူး၊စက်တင်ဘာ ၂၂
တမူး-စစ်သောင်-ရောင်ဟီးလမ်း ဖောက်လုပ်ရာတွင်လမ်းနယ်မြေနှင့် မလွတ်ကင်း၍ သိမ်းယူခဲ့သည့် လယ်ယာ မြေများအတွက် လျော်ကြေးငွေများ ပေးအပ်ခြင်းကို စက်တင်ဘာ(၂၂)ရက်နေ့ နံနက်(၁၀)နာရီ အချိန်က တမူးမြို့ အ.ထ.က(၁) ကျောင်း ကဘော်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် တမူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမောင်မောင်ကြည် ကအမှာစကားပြီး တမူးခရိုင် လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးအောင်အောင် မှလျော်ကြေးငွေများ ပေးအပ်ခြင်းနှင့် ပတ်သက်၍လည်းကောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်း ဦးစီးဌာနမှူး ဦးနိုင်လင်းအောင် မှလယ်ယာမြေဥပဒေများနှင့်ပတ်သက်၍ လည်းကောင်း အသီးသီးရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် လျော်ကြေး ငွေများပေးအပ်ရာ လမ်း ဖောက်လုပ်ရာတွင် လမ်းနယ်မြေနှင့် မလွတ်ကင်းသည့် လယ်ယာမြေပိုင်ရှင် တောင်သူ(၂၅)ဦးတို့အတွက် လယ်တစ်ဧကလျင် သိန်း(၃၀)ကျပ်၊ ယာ တစ်ဧကလျင် သိန်း(၂၀)ကျပ်နုန်းဖြင့် လယ်ယာမြေ (၂၃.၂၂)ဧက အတွက် (၅၉၀၁၀၀၀၀ )ကျပ်အား တောင်သူတစ်ဦးချင်း လက်ဝယ်ထံသို့ သက်ဆိုင်ရာတာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။
ယခုဖောက်လုပ်ဆဲဖြစ်သော တမူး-စစ်သောင်-ရောင်ဟီး လမ်းပိုင်းသည် အနောက်- အရှေ့ အဓိကလမ်းမကြီး၏ လမ်းပိုင်း အစဖြစ်ပြီး အဓိကလမ်းမကြီး ဖောက်လုပ်ပြီးစီးသွားပါက အိန္ဒိယ-မြန်မာ နယ်စပ်မြို့ တမူးမြို့မှ တရုတ်-မြန်မာ နယ်စပ်မြို့ နမ့်ခမ်းမြို့အထိ လမ်းပမ်းဆက်သွယ်ရေး လွယ်ကူစေမှာဖြစ်ပြီး အချိန်တိုတိုအတွင်း ကုန်စည်စီးဆင်းမှု လျင်မြန်စွာဆောင်ရွက်နိုင်တော့မှာ ဖြစ်ကြောင်း သိရသည်။
ဖိုးကျော်