ငဖဲမြို့နယ် ပန်းထိမ်းကျေးရွာအုပ်စုမှတောင်သူများသို့ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

ငဖဲ စက်တင်ဘာ ၂၂

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းမှ တောင်သူများအား ၂၀၂၁ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စည်းကမ်း ချက်များနှင့်အညီ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဆက်လက်ထုတ်ချေးပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပန်းထိမ်းကျေးရွာအုပ်စုမှ တောင်သူ (၁၁၈)ဦး၏ မိုးစပါးနှင့်အခြားသီးနှံစိုက်ဧက (၄၂၉)ဧကအတွက် ငွေကျပ် ၅၆၅ သိန်း ၅သောင်းကို ထုတ်ချေးပေးလျက်ရှိကြောင်းသိရသည်။

 

 ငဖဲမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်အတွက် မိုးသီးနှံစိုက်ပျိုးစရိတ်ဘဏ်ချေးငွေပြေကျေသည့် တောင်သူများအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ချေးငွေများထုတ်ချေးပေးလျက်ရှိရာ ယနေ့ထိ ကျေးရွာအုပ်စု (၁၇)အုပ်စုမှ တောင်သူ (၁၅၇၄) ဦး၏ မိုးသီးနှံစိုက်ဧက (၆၆၉၁) ဧကအတွက် စိုက်ပျိုးစရိတ်ဘဏ်ချေးငွေကျပ် (၈၂၇၅)သိန်း ကို ထုတ်ချေးပေးထားပြီးဖြစ်ကြောင်းနှင့် ငဖဲမြို့နယ်တွင် ၂၀၂၁ ခုနှစ်အတွင်း မိုးသီးနှံစိုက်ပျိုးရန် ကျေးရွာအုပ်စု (၂၃)အုပ်စုမှ တောင်သူများအတွက် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေကျပ် သိန်းပေါင်း (၁၁၀၀၀)ကို စက်တင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထား၍ ထုတ်ချေးပေးနိုင်ရန် လျာထားထားကြောင်း ငဖဲမြို့နယ်မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲရုံးမှ သိရသည်။

မယု (ငဖဲ)