ကော့သောင်းမြို့တွင် ပန်းခင်းစီမံချက်ဖြင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးစည်းကမ်းချက်များနှင့်အညီ နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး

ကော့သောင်း စက်တင်ဘာ ၂၂

ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်းမြို့ နယ် ဦးစီးမှူးရုံးမှ ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှု လုပ်ငန်းစည်းကမ်းချက်များနှင့်အညီ  ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

လက်ရှိကူးစက်ဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန် အကြံပြုချက်များနှင့်အညီ ကော့သောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်း မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက စက်ရုံအလုပ်ရုံများမှ အသက်(၁၀)ပြည့်ပြီး မိသားစုဝင်များ၊ နှင့်အသက် (၁၈)နှစ်ပြည့်ပြီးသူများ၊ အကြောင်းအကြောင်းကြောင့် နိုင်ငံသားကတ်ပြား ပျောက်ဆုံးပျက်စီး သူများ၊  နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ရန်ကျန်ရှိသေးသူများအား ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ ယုဇနဆီအုန်း စိုက်ပျိုးရေးကုမ္ပဏီလီမီတက်၊ ဆီအုန်းဆီကြမ်းစက်ရုံဝင်းအတွင်းရှိ  စက်ရုံဝန်ထမ်းများ၊ လုပ်သားများ၊ မိသားစုဝင်များအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံတစ်ဝှမ်း  အသက် ၁၈ နှစ်အထက် နိုင်ငံသားစိစစ်ရေး ကတ် မရှိသေးသော ပြည်သူများကို ပန်းခင်း စီမံချက်ဖြင့် (၁၈) လကြာ အချိန်ယူကာ ဆောင်ရွက်ပေးလျက်ရှိရာ ကော့သောင်းမြို့နယ်အနေဖြင့် ရပ်ကွက် ကျေးရွာများအပါအဝင် စက်ရုံ၊ အလုပ်ရုံများအထိ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေးလျှက်ရှိကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အာဆိုင်ရာ ဦးစီးဌာနရုံးမှ သိရသည်။

ကျော်စိုး (ကော့သောင်း)