ပူတာအိုမြို့နယ် အထက်ဆန်ဂေါင်ကျေးရွာတွင် ဓါတ်အားလိုင်း တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ပူတာအို  စက်တင်ဘာ  ၂၂

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်ခွင့် ပြုရန်ပုံငွေဖြင့် ကချင်ပြည်နယ် ပူတာအိုမြို့နယ် မန်စေကျေးရွာအုပ်စု အထက်ဆန်ဂေါင်ကျေးရွာတွင် ဓါတ်အားလိုင်းတိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းရာနှုန်း ပြည့်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်လျှပ်စစ် ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း မြို့နယ်အင်ဂျင်နီယာ ဦးကြည်လင် ထံမှသိရသည်။

အဆိုပါ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း(၁၄၇ ဒသမ ၀၀)သန်းဖြင့် ၁၁ကေဗွီဓါတ် အားလိုင်း(၃ဒသမ၂)မိုင် ၁၁/၀၄ကေဗွီ(၁၀၀)ကေဗွီအေ ထရန်စဖော်မာနှစ်လုံးနှင့် (၄၀၀)ပို့လိုင်း လေးမိုင်တိုးချဲ့ တည်ဆောက်ခြင်းကို ဧပြီ(၅)ရက်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ဂုတ်(၁၅)ရက်တွင်လုပ်ငန်း ရာနှုန်းပြည့်ပြီးစီးခဲ့ခြင်းဖြစ်ပြီး အဆိုပါလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု များကို ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန် နန်နှင့်တာဝန်ရှိသူများသည် ဂုတ်(၂၅ )ရက်နေ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။

ယခင်က အထက်ဆန်ဂေါင်ကျေးရွာတွင် ဖရောင်းတိုင်မီးများ၊ ဆိုလာဘက်ထရီမီးများနှင့်ကိုယ်ထူကိုယ် ထအသေးစား ရေအားလျှပ်စစ် မီးများအသုံးပြုခဲ့ကြရပြီး ယခုအခါလျှပ်စစ်ဓါတ်အားရရှိခြင်းကြောင့် ကျေးရွာ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် များစွာအထောက် အကူပြု လျက်ရှိကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)