ကျိုက်ဒုံ စက်တင်ဘာ ၂၂
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ဆက်လက်ဖြစ် ပွားနေမှုကြောင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ကျိုက်ဒုံ မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်နှင့် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့များ၊ မီးသတ်အဖွဲ့များမှ စဉ်ဆက်မပြတ် မြို့အဝင်၊ အထွက်နေရာများ၊ ဈေးလမ်းဆုံနေရာများတွင် နေ့စဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် ကျိုက်ဒုံဒေသတွင် နေထိုင်သည့် ပြည်သူများအနေဖြင့် ဒေသအတွင်း ကူးစက်ပြန့်နှံ့မှု လျော့နည်း ပြတ်တောက်နိုင်စေရေး၊ ပူးပေါင်းဆောင်ရွက်နိုင်စေရန်အတွက် မလိုအပ်ပဲ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာခြင်း မပြုလုပ်ရန်၊ မဖြစ်မနေ အရေးအကြောင်းကိစ္စဖြင့် ပြင်ပသို့ သွားလာရပါက ယာယီအပြင်ထွက်ခွင့် ကတ်ပြားယူဆောင်သွားရန် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်အသုံးပြုရန် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထုတ်ပြန် ထား သည့် စည်းမျဉ်း စည်းကမ်းသတ်မှတ်ချက်များနှင့် ညွှန်ကြားချက်များကို လိုက်နာမှု ရှိ၊ မရှိ စစ်ဆေးခြင်း လုပ်ငန်းများ ကြပ်မတ် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
သန်းထွန်းနိုင်