မုံရွာမြို့နယ်အတွင်းရှိ အသက်(၅၅)နှစ်အထက် ပြည်သူ(၁၄၁၅)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်)ထိုးနှံပေး

မုံရွာ စက်တင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေး ဝန်ထမ်းများနှင့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်းပြီး မုံရွာမြို့နယ် အတွင်းရှိ အသက်(၅၅)နှစ်အထက် ပြည်သူများအား သတ်မှတ်အုပ်စုအလိုက် ဦးစားပေးအစီအစဥ်အတိုင်း ယမန်နေ့ နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအထိ သတ်မှတ်နေရာ (၅)ခုတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူထံမှ သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)များကို မုံရွာမြို့နယ်အတွင်းရှိ မုံရွာတက္ကသိုလ် ဓမ္မာရုံတွင်(၂၅၀)ဦး၊ ရွှေစည်းခုံသာသနာ့ဗိမ္မာန်တော်တွင် (၂၅၀)ဦး၊ မုံရွာတောင် ရပ်ကွက်ရှိ အခြေခံပညာ မူလတန်းကျောင်းတွင် (၁၈၅)ဦး၊ အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်းတွင်(၂၅၀)ဦး၊ အမှတ်(၁)အခြေခံပညာ အထက်တန်း‌ကျောင်း(အလုံ)တွင်(၁၈၀)ဦးနှင့် ဗောဓိတထောင်တွင်(၃၀၀)ဦး စုစုပေါင်း သတ်မှတ်နေရာ(၆)ခုတွင် ကျား(၆၂၅)ဦးနှင့် မ(၇၉၀)စုစုပေါင်း ပြည်သူ(၁၄၁၅)ဦးအား စနစ်တကျ ထိုးနှံပေးနေမှုများအား မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးစိုးလွင်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ခရိုင်(ပြန်/ဆက်)