ဖျာပုံ သြဂုတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ကာလအတွင်း နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ဒုတိယအကြိမ်အဖြစ် ထောက်ပံ့ငွေ များအား ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ကိုဗစ်ကော်မတီဝင်များ မှတစ်ဆင့်၊ ပြည်သူများ လက်ဝယ် အရောက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားတွင် ဖျာပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထွဋ်က အဖွင့်အမှာစကား ပြောကြားပြီး၊ ဖျာပုံမြို့နယ် ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းစိုးက ပုံမှန်ဝင်ငွေမရှိသော အခြေခံအိမ်ထောင်စုများအား စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP)အရ နိုင်ငံတော်အစိုးရမှ ဒုတိယအကြိမ်အဖြစ် အိမ်ထောင်စု တစ်စုလျှင် ထောက်ပံ့ငွေ (၂)သောင်းကျပ်ကို ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကိုဗစ်-၁၉ ရပ်ကွက်/ကျေးရွာ ကိုဗစ်ကော်မတီများ မှတစ်ဆင့် ပြည်သူများထံသို့ အိမ်တိုင်ရာရောက် စနစ်တကျ ပေးအပ်ကြရန် ဆွေးနွေး မှာကြားကြသည်။
ဆက်လက်၍ ဒုတိယအကြိမ်အဖြစ် ထောက်ပံ့ငွေများအား မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၃၀၃၉၀)စုအား အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်(၂)သောင်းနှုန်းဖြင့် ထောက်ပံ့ငွေ စုစုပေါင်း (၆၀၇၈၀၀၀၀၀/-)အား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ကိုဗစ်ကော်မတီဝင်များထံသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေး ကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များက ထောက်ပံ့ငွေများအား အသီးသီးလွှဲပြောင်း ပေးအေပ်ကြကြောင်း သိရသည်။
အောင်ဝင်းနိုင် (ခရိုင်ပြန်/ဆက်)