ဒေးဒရဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများအား ကိုဗစ်-၁၉ကာလသတ်မှတ်စည်းကမ်းများနှင့် အညီပင်စင် လစာများထုတ်ပေး

ဒေးဒရဲ  စက်တင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများကို စက်တင်ဘာလ ၂၁ ရက်နေ့နံနက်၈နာရီခွဲမှစ တင်ပြီး ကိုဗစ်-၁၉ ကာလ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လူစုလူဝေးမဖြစ်ပေါ်စေရေး စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ထုတ်ပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ပင်စင်လာ ရောက်ထုတ် သူများအား စနစ်တကျလက်ဆေးခြင်း၊ စနစ်တကျနှာ ခေါင်းစည်းများတပ်ဆင်စေခြင်း၊ သတ်မှတ်အကွာ အဝေးအတိုင်းနေစေပြီး ပင်စင်လစာများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိအငြိမ်းစားဝန်ထမ်းများအတွက် ပင်စင်လစာများကို ယနေ့မှစတင်ပြီး နံနက် ၈နာရီခွဲမှ နေ့လည် ၂ နာရီထိ နိုင်ငံတော်အစိုးရ ကသတ်မှတ်ထားသော ရုံးပိတ်ရက်များမှအပ ကျန်ရက်များတွင် ထုတ်ပေးလျက် ရှိပြီး မြို့နယ်တွင် ပင်စင်လစာ ထုတ်ယူမည့် အငြိမ်းစားဝန်ထမ်းစုစုပေါင်း (၁၀၁၆)ဦးရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ သိရ သည်။

အေဇာလင်း၊ ပြန်ဆက်