ပန်းတနော် စက်တင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ဧရာဝတီမြစ်ရေပြန်ကျပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် မြစ်ကမ်းနှင့်နီးသော ကဿဝင်ကျေးရွာအုပ်စု ကျောင်းစုကျေးရွာရှိ ဝါးအိမ်(၆) လုံး ယမန်နေ့ မွန်းလွဲပိုင်းက ကမ်းလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။
အဆိုပါ မြစ်ကမ်းပါးပြိုကျမှုကြောင့် မြစ်ကမ်းနှင့်နီးသည့် ကဿဝင်ကျေးရွာအုပ်စု ကျောင်းစုကျေးရွာရှိ လူနေဝါးအိမ်( ၆)လုံး၊ အိမ်ထောင်စု( ၆)စု၊ လူဦးရေ စုစုပေါင်း( ၃၄)ဦး တို့အား နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသားများက ကမ်းလွတ်ရာ နီးစပ်သည့်ရွှေမျိုးသားချင်းများ၏နေအိမ်များတွင် လည်းကောင်း၊ ကမ်းလွတ်ရာ မြေကွက်လပ်များပေါ်တွင် လည်းကောင်း ကြိုတင် ပြောင်းရွှေ့ကာ နေအိမ်များ ပြန်လည်ဆောက်လုပ် နေထိုင်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကြိုတင်ပြောင်းရွှေ့ခဲ့ရသည့် နေအိမ်များအတွက် ပြောင်းရွှေ့စရိတ် ဝါးအိမ်( ၁) လုံးလျှင် ၄၀၀၀၀ ကျပ်နှုန်းဖြင့် ဝါးအိမ်(၆)လုံး စုစုပေါင်းငွေကျပ် ၂၄၀၀၀၀ ကုန်ကျခဲ့ကြောင်း သိရသည်။ အထက်ပါ ကဿဝင်ကျေးရွာအုပ်စုသည် ဧရာဝတီမြစ်ကမ်းပါးဘေးတွင် တည်ရှိသောကြောင့် အလားတူ မြစ်ကမ်းပါးပြိုကျမှုများ ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ဆက်)