ပြည် စက်တင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ သီရိခေတ္တရာရတနာမြို့တော်ခန်းမနှင့် အ.ထ.က(၁)ပြည် ဆေးထိုးစုရပ်နေရာတို့၌ ယနေ့နံနက် ၉နာရီမှ ညနေ ၄နာရီအထိ မြို့နယ်အတွင်း ပြည်သူများအား ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက် ရှိသည်။
အဆိုပါ ဆေးထိုးစုရပ်နေရာ နှစ်ခုတို့၌ ယနေ့ နံနက် ၉ နာရီမှ မွန်းတည့် ၁၂နာရီအထိ ကာကွယ်ဆေးထိုးနှံရာတွင် သံဃာတော်/သီလရှင် သာသနာ့ဝန်ထမ်းများ အပါအဝင် အသက်(၅၅)နှစ်နှင့်အထက်ရှိသူများ၊ မသန်စွမ်းသူများနှင့် (ဆီးချို၊ သွေးထိုး၊နှလုံး) အစရှိသော ကူးစက်ရောဂါမဟုတ်သည့် နာတာရှည်ရောဂါအခံရှိသူများနှင့် ပုဂ္ဂလိက/စက်ရုံ အလုပ်ရုံ ဝန်ထမ်းများ စုစုပေါင်း (၇၅၀)ဦးအား တာဝန်ရှိသူများနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ ပရဟိတစေတနာ့ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က စနစ်တကျမှတ်တမ်း ရေးသွင်းကာ ကိုယ်အပူချိန်တိုင်းတာ၍ သွေးပေါင်ချိန်ပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ကျန်းမာရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်းနှင့် မွန်းလွဲပိုင်းတွင် နိုင်ငံ့ဝန်ထမ်းများ အပါအဝင် ဆေးထိုးရန် ကျန်ရှိနေသူများကို ဦးတည်အုပ်စုအလိုက် ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
ကိုဆက်