ပိုင်ကျုံ စက်တင်ဘာ ၂၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ကိုဗစ်၁၉-ရောဂါဆိုးကြီးသည်လျှင်မြန်စွာ ကူးစက်ပျံ့ပွားလျက်ရှိပြီး နေ့စဉ်ရောဂါ ကူးစက်မှုများဖြစ်ပေါ်လျက်ရှိသောကြောင့် ရောဂါကူးစက်ပျံ့ပွားမှုကို လျော့နည်းစေပြီး ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရေး အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်ပြည်သူ့သို့ အသိပေးပန်ကြား ချက်များ အား ယမန်နေ့ ညနေ(၅)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
အသိပညာပေးနှိုးဆော်ချက်များကြေညာရာတွင် မဖြစ်မနေအိမ်တွင်း၌သာနေထိုင်ပါ။သို့မှာသာ ရောဂါ ကွင်းဆက် ပြတ်တောက် ပြီး ကူးစက်မှုကို ထိထိရောက်ရောက်ကာကွယ်နိုင်မှာဖြစ်ပါသည်။ ပြင်ပမှလာသော ဧည့်သည်များ လက်မခံကြပါရန်နှင့် မိမိတို့ ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုကြရန်၊ အရေးကြီး ကိစ္စကြောင့်အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်ပါ၊အခြားသူများနှင့်ခပ်ခွာခွာနေပါ၊ ပါးစပ်နှင့်နှာခေါင်းစည်း မတပ်ထားသူများနှင့်တွေ့ဆုံခြင်း၊ စကားပြော ခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ် ကြပါရန်၊လူစု လူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင်ကြပါ၊အရာ ဝတ္တုတစ်ခုခုကိုကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးကြောကြပါ၊ လက်ကိုဆေး ကြောခြင်း မပြုဘဲ ပါးစပ်နှာခေါင်းနှင့် မျက်စိတို့ကိုပွတ်သတ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်းမပြုလုပ်ကြပါရန်၊ လေဝင်လေထွက် မကောင်းသော အခန်းများ သွားလာခြင်းမှ ရှောင်ပါ၊သက်ကြီးရွယ်အိုများနှင့် ဆီးချို၊သွေးတိုးနှင့်နှလုံးရောဂါ အခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ်ထိခိုက်နိုင်ပါသည် ၊မိမိတို့၌ရောဂါပိုးကူး စက်ခံနေရသည်ဟုသံသယ ရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ဆက်သွယ်၍ မပျက်မကွက်စစ်ဆေး ကုသမှုခံယူကြ ပါရန်၊အလှည့်ရရှိသော ကာကွယ်ဆေးများကို မိမိတို့အတွက်အကောင်းဆုံးဖြစ်၍ ကာကွယ် ဆေးကိုအကြိမ်ပြည့် ထိုးနှံပါ၊ ကာကွယ် ဆေးထိုးပြီးသော်လည်း ရောဂါကာကွယ်ရေးနည်းလမ်းများကို ဆက်လက် လိုက်နာပါ၊ ရောဂါကာကွယ် ရေးနည်း လမ်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် စသည့် အချက်များ ပါ ဝင်ပါသည်။
ထိုသို့ လုပ်ငန်းများ ဆောင်ရွက်ခြင်းကိုပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊မီးသတ် ဦးစီးဌာနနှင့် ရဲတပ်ဝင် များတို့က ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှိုးဆော်ချက်များအား ကရင်၊ မြန်မာ နှစ်ဘာသာဖြင့် လိုက်လံ အသိပေးနှိုး ဆော်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)