ရေစကြို စက်တင်ဘာ ၂၀
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် စက်တင်ဘာလ ၁၇ ရက်နေ့၊ နံနက် ၃ နာရီခွဲအချိန်ခန့်တွင် မိုးကြီးမှုကြောင့် ရေစကြိုမြို့နယ်၊ ဆားလင်းကုန်းကျေးရွာအုပ်စု၊ အညာတောကျေးရွာရှိ ချောင်းကောက်ဆည် ရေတံခါးမှ ရေများ အလျား ၃၀ ပေ၊ အနံ ၁၅ ပေခန့်ကျိုး ပေါက်ခဲ့မှုကြောင့် ပြောင်းရွှေ့ခဲ့ရသည့် တဲအိမ်(၄၀)လုံးအတွက် စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီ ၄၈ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ထောက်ပံ့မှုများပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
အဆိုပါ ဆားလင်းကုန်းကျေးရွာအုပ်စု၊ အညာတောကျေးရွာရှိ ချောင်းကောက်ဆည် ရေတံခါးကျိုးပေါက်ခဲ့သဖြင့် တဲအိမ် ၄၀ လုံး၊ အိမ်ထောင်စု ၄၀ စု၊ လူဦးရေ ကျား ၉၇ ဦး၊ မ ၁၀၃ ဦး၊ ပေါင်း ၂၀၀ ဦးတို့သည် အညာတော ကျေးရွာအတွင်းရှိ ၎င်းတို့ပိုင်နေအိမ်များ၌ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း၊ နေအိမ်တဲများ ပျက်စီးဆုံးရှုံးမှု မရှိပါကြောင်း၊ ချောင်းကောက်ကျေးလက်ထိန်းဆည် ကျိုးပေါက်မှုကြောင့် တန်ဖိုးငွေကျပ် ၁၀ သိန်းခန့် ဆုံးရှုံးခဲ့ကြောင်းနှင့် တဲအိမ် (၄၀) လုံးမှ၊ လူဦးရေ (၂၀၀)ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၄၂၀၀၀၀/-) အား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်မာနွယ်တို့က ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
နော်နော် (ချင်းတွင်းသား)