မြို့သစ် စက်တင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့နယ်အတွင်းရှိတောင်သူများ စိုက်ပျိုးရေးတွင်အသုံးပြုနေ သည့် ဆဒ္ဒန်ဆည်ရေလှောင်တမံနှင့်စွန်ဆည်ရေလှောင်တမံသည် ယနေ့နံနက်ပိုင်း တွင်ရေပြည့်အ မှတ်ထက် ကျော်လွန်၍ ရေပိုလွှဲမှရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက သိရသည်။
အဆိုပါ စွန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၆၂၅)ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ (၆၂၅ ဒသမ ၁၀ )ပေဖြစ်၍ ရေပြည့်အမှတ်ထက် (သုညဒသမ တစ်ပေခန့်)ရေ ကျော်ကျလျက်ရှိကာ ဆဒ္ဒန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် ( ၅၆၀ ဒသမ ၅၀ )ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ (၅၆၁ ဒသမ ၃၀ )ပေရှိသဖြင့် ရေပြည့်အမှတ်ထက် (သုညဒသမရှစ်ပေခန့်) ဆက်လက်ရေကျော်ကျ လျက်ရှိကြောင်း သိရသည်။
ဆည်များ၏ရေပိုလွှဲမှ ရေကျော်ကျမှုကြောင့် ဆည်အောက်ပိုင်းရှိ ကျေးရွာနေပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဆည်အနီးအနားရှိ ကျေးရွာများတွင် အရေးပေါ် အခြေအနေ အဆင့်(၁)အဖြစ် အစိမ်းရောင်အလံစိုက်ထူ၍ အသိပေးနှိုးဆော်ထားကြောင်း မြို့နယ်ဆည်မြောင်း နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ထက်ထံကသိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)