ဂန့်ဂေါ စက်တင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများ၊ သံဃာတော်များ ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ကို ဒုတိယအသုတ်၊ ပထမအကြိမ်အဖြစ် ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်မှစ၍ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မိုးလုံလေလုံ အားကစားခန်းမတွင် စတင်ထိုးနှံပေးသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ထိုးနှံပေးရာတွင် ဂန့်ဂေါခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ထိုးနှံပေးခြင်းဖြစ်သည်။ ကာကွယ်ဆေးလာရောက်ထိုးနှံသည့်ပြည်သူများကို ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များတို့က ကာကွယ်ဆေးမထိုးမီ သွေးပေါင်ချိန်ပေးခြင်း၊ ကာကွယ်ဆေးထိုးမှတ်တမ်းများရေးသွင်းခြင်းများဆောင်ရွက်ကာ ကာကွယ်ဆေး ထိုးရန်ကျန်ရှိသည့် ရဟန်းသံဃာတော်များ၊ အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ခရိုင်အား/ကာ ဦးစီးဌာန၊ မိုးလုံလေလုံအားကစားခန်းမတွင် နံနက်(၉)နာရီမှ(၁၂)နာရီထိ၊ နေ့လယ်(၁)နာရီမှ(၃)နာရီထိ ထိုးနှံပေး လျက်ရှိသည်။
ဂန့်ဂေါမြို့နယ်တွင် မြို့ပေါ်နှင့်ကျေးရွာများရှိ ကာကွယ်ဆေးတစ်ကြိမ်မှ မထိုးနှံရသေးသည့် ပြည်သူများအတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm) ဒုတိယအသုတ်၊ ပထမအကြိမ် ကာကွယ်ဆေးကို တစ်ရက်လျင်(၂၅၀)ဦးနှုန်းဖြင့် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူ(၁၀၀၀)ဦးအတွက် စက်တင်ဘာ(၂၀)ရက်မှ စက်တင်ဘာ(၂၃)ရက်နေ့အထိ (၄)ရက်တိုင် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မောင်မျိုးမင်း(ယော)