ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ(အ.ထ.က)ကျောင်းတွင် ပြည်ထောင်စုဘတ်ဂျတ်ဖြင့် အာရ်စီနှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ် နေမှု ၆၀ ရာခိုင်နှုန်းခန့် ပြီးစီး

ပွင့်ဖြူ စက်တင်ဘာ     ၂၀

 

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ကံသာကြီးကျေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ တက်ရောက်ပညာသင်ကြားနိုင်ရေးအတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ၊ ပြည်ထောင်စုဘတ်ဂျတ်ဖြင့် အာရ်စီနှစ်ထပ်ကျောင်းဆောင်သစ်ဆောက်လုပ်လျက်ရှိရာ ယခုအခါ ၆၀ ရာခိုင်နှုန်းခန့် တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ အကောင်အထည်ဖော် ဆောက်လုပ်နေသည့် အာရ်စီနှစ်ထပ် ကျောင်းဆောင်သစ်မှာ အလျား ၁၄၀ ပေ ၊ အနံ ၃၀ ပေ ရှိပြီး မကွေးမြို့၊ အောင်ပဒေသာ ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရကာ ယခုအခါ ကျောင်းဆောင်သစ်မှာ ၆၀ ရာခိုင်နှုန်းခန့် တည်ဆောက် ပြီးစီးနေပြီဖြစ်ကြောင်း  ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းလွင် ထံက သိရသည်။ 

 

ယင်း ကျောင်းဆောင်သစ်ဆောက်လုပ်ပြီးစီးပါက ကံသာကြီးကျေးရွာ(အ.ထ.က)ကျောင်းရှိ ကျောင်းသားကျောင်းသူ ၇၇၀ ဦး အတွက် စိတ်အေးချမ်းစွာ တက်ရောက်ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

 

 ရဲဝင်းနိုင် ( ညောင်ဦး )