ဖျာပုံ စက်တင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုး နှံခြင်းမရှိသေးသော အသက် (၅၅) နှစ် အထက်အဘိုး၊ အဘွားများအား ကိုဗစ်-၁၉ကာကွယ် ဆေးဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်မှ စတင်၍ ဖျာပုံမြို့ အထက(၁) ကျောင်းတွင် ဆေးထိုးစုရပ်ထားရှိကာ မြို့ပေါ်ရပ်ကွက်(၅)ရပ်ကွက်အား ကာကွယ်ဆေးထိုးနှံပေးလျက် ရှိကြောင်းသိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းမရှိသေးသော အသက် (၅၅) နှစ်အထက်အဘိုး၊ အဘွားများအား ကိုဗစ်ကာကွယ် ဆေးဆက်လက်ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကာကွယ်ဆေးလာရောက်ထိုးနှံ သူများကို ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ တစ်ဦးနှင့်တစ်ဦး (၆) ပေစီခြား၍ စနစ်တကျနေရာချထားပြီး၊ မြို့ပေါ် ရပ်ကွက်တစ်ရပ်ကွက်လျှင် (၅၀) ဦးဖြင့် မြို့ပေါ်ရပ်ကွက်(၅)ရပ်ကွက်ရှိ အသက်(၅၅)နှစ်အထက်အဘိုး၊ အဘွား(၂၅၀)ဦးကိုခွဲ၍ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး ကျန်ရပ်ကွက်/ကျေးရွာများကိုလည်း တစ်နေ့လျှင် (၅)ရပ်ကွက်နှုန်းဖြင့် ဆက်လက်၍ နေ့ရက် အလိုက်အလှည့်ကျဖြင့် ဖျာပုံမြို့ အထက(၁)ကျောင်း ဆေးထိုးစုရပ်ထားရှိကာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံ ခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်အရေပေါ်တုံ့ပြန်းရေးကော်မတီမှ သိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)