မအူပင်မြို့တွင် ငါးမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဟောပြောဆွေးနွေးပွဲ ကျင်းပ

မအူပင် စက်တင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မအူပင်ခရိုင် စားသုံးသူရေးရာ ဦးစီးဌာနက ဦးဆောင်ကျင်းပသည့် ငါးမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဟောပြောဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး ဦးစိုးအောင်က အဖွင့်မိတ်ဆက်စကား ပြောကြားပြီး မအူပင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန တလုပ်လှ ငါးမွေးမြူရေးစခန်း တာဝန်ခံဒေါ်အေးအေးမင်းက ငါးမွေးမြူရေးနှင့် ကောင်းမွန်သော မွေးမြူထုတ်လုပ်မှုစနစ် (GAQP) သရုပ်ပြ ငါးလုပ်ငန်းအကြောင်းနှင့် ငါးမွေးမြူရာတွင် သိသင့်သိထိုက်သည့် မွေးမြူရေးလုပ်ငန်းဆိုင်ရာများအား ပါဝါပွိုင့်ဖြင့် ရှင်းလင်းပြောကြားပါသည်။ ဆက်လက်၍ မအူပင်မြို့နယ် ငါးလုပ်ငန်းအဖွဲ့ချုပ်အတွင်းရေးမှူး ဦးမြစိုးက ငါးမွေးမြူခြင်း ရောင်းချခြင်းဆိုင်ရာများကို ဆွေးနွေးပါသည်။

အခမ်းအနားသို့ မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်မင်း၊ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် မအူပင်မြို့နယ်အတွင်းရှိ ငါးမွေးမြူရေး လုပ်ငန်းရှင်များ၊ ဝါသနာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်ခိုင်၊ အောင်မြင့်မြတ်