ဝေါလေမြိုင် စက်တင်ဘာ ၂၀
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော် မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ရပ်ကွက်များအတွင်း (Hand Speaker) ဖြင့် လိုက်လံ နှိုးဆော် ခဲ့ကြောင်း သိရသည်။
ထိုသို့ နှိုးဆော်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုပြတ်တောက်ပြီး ထိထိရောက် ရောက် ကာကွယ်နိုင်ရန် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ အရေးကြီးကိစ္စကြောင့် ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်းကို စနစ်တကျ တပ်ရန်၊ ပြင်ပမှလာသော ဧည့်သည်များအား လက်မခံပါရန်၊ နှာခေါင်းစည်း မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်းနှင့် သွားလာခြင်းများကို ရှောင်ကြဉ်ရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေးရန်နှင့် မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသခံယူရန် စသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးချက်များကို (Hand Speaker)ဖြင့် လိုက်လံနှိုး ဆော်ခဲ့ကြောင်း သိရသည်။
နိုင်မျိုးသင်း(ပြန်/ဆက်)