ဒေးဒရဲ စက်တင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် အများပြည်သူများ၏ အောက်ဆီဂျင်လိုအပ်ချက်မဖြစ်ပေါ်စေရေး၊ ကိုဗစ်-၁၉ ကာလအတွင်း အောက်ဆီဂျင်စဉ်ဆက်မပြတ် ရရှိစေရေးရည်ရွယ်၍ အများပြည်သူထည့်ဝင်ငွေဖြင့် တည်ဆောက် လည်ပတ်လျက်ရှိသော အောက်ဆီဂျင်စက်ရုံကို ရေရှည်တည်တံ့နိုင်ရေးအတွက် ကော်မတီဖွဲ့စည်းခြင်းအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီခွဲက အောက်ဆီဂျင်စက်ရုံတည်ရှိရာ စက္ခုဒါနဆေးရုံဝန်းအတွင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်သံဃနာယကဆရာတော် ဦးပညာစာရ ၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော် နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးကော်မတီနှင့် လူမှုရေးအသင်းအဖွဲ့များတက်ရောက် ခဲ့ကြောင်းသိရသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးမျိုးကျော်ကျော်မှ အဖွင့်အမှာစကား ပြောကြားပြီး တက်ရောက်လာသူများက အောက်ဆီဂျင် စက်ရုံရေရှည်တည်တံ့ရေးကော်မတီဝင်များကို ရွေးချယ်အတည်ပြုခဲ့ပြီး ဖြစ်မြောက်ရေး ကော်မတီကရငွေ/သုံးငွေစာရင်းများ ကိုရှင်းလင်းခဲ့ပြီးကျန်ငွေများကို အောက်ဆီဂျင်စက်ရုံရေရှည်တည်တံ့ရေး ကော်မတီသို့လွှဲ ပြောင်းပေးခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
အေဇာလင်း (ပြန်ဆက်)