ကျောက်ကြီး စက်တင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ (၁၃၃)ကြိမ်မြောက် ရှင်ဥပဂုတ္တရန္တာမြတ် ဆွမ်းကြီးခံ လှည့်လည်ပူဇော်၍ မီးမျှောပူဇော်ပွဲအား ယနေ့ နံနက်က ကျင်းပခဲ့ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်တွင် (၁၃၃)ကြိမ်မြောက် ရှင်ဥပဂုတ္တရန္တာမြတ် ဆွမ်းကြီးခံလှည့်လည်ပူဇော်ခြင်းနှင့် မီးမျောပူဇော်ပွဲအား မြို့နယ်သံဃာဝန်ဆောင်ဥက္ကဋ္ဌ ရှင်သီဝလိတောင်တော်မြတ်၏ သြဝါဒစရိယ ဆရာတော် ဘဒ္ဒန္တစန္ဒိမာ မိန့်ကြားချက်အရ ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပွဲတော်ကျင်းပရေး ကော်မတီဝင်များက စက်တင်ဘာ ၁၇ ရက်နေ့မှ စက်တင်ဘာ ၂၀ ရက်နေ့အထိ ကျောက်ကြီးမြို့ပေါ်နှင့် အနီးပတ်ဝန်ကျင်ကျေးရွာများတွင် ရှင်ဥပဂုတ္တရ ဟန္တာမြတ်အား လှည့်လည်ပူဇော်ကာ မြို့တွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်သံဃာတော်များက နံနက်ဆွမ်းကြီးခံ ကြွရာ လမ်းတလျှောက်၌ ပရိတ်၊ ပဋ္ဌာန်းများ ရွတ်ဖတ်ပူဇော်ကြသည်။
အဆိုပါပွဲတော်အား တောင်သူလယ်သမားများ၏ ထွန်တုံးပိတ် အမွှမ်းတင်သည့် ပွဲတော်ဖြစ်၍ ကျောက်ကြီးမြို့နယ်သူ မြို့နယ်သားများအတွက် အစဉ်လာ ရိုးရာမပျက် သတ်မှတ်စည်းကမ်းချက် များနှင့်အညီ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပြီး ယနေ့ လပြည်နေ့ နံနက်ပိုင်း၌ ရှင်ဥပဂုတ္တရဟန္တာ မြတ်ရုပ်ပွားတော်အား မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များ က အနေကဇာ တင်ခြင်း၊ ကျောက်ကြီးမြို့လယ် တံတားပေါ်၌ ရိုးရာထမင်းထုပ်များ ဖြန့်ဝေးပေးခြင်းများ ပြုလုပ်ကြသည်။ ညပိုင်းတွင် မြို့ပေါ်ရပ်ကွက် ဓမ္မရောဂီများက ဓမ္မာစကြာ ရွတ်ဖတ်ပူဇော်ကာ ကျောက်ကြီး မြို့လယ်ချောင်းအတွင်း မီးကြာခွက်များ မျှော၍ ရှင်ဥပဂုတ္တရဟန္တာမြတ်အား ပူဇော်ပြီး ပွဲတော်အား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရုတ်သိမ်းသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီဝင် များ ပြောကြားချက်အရ သိရသည်။
မြို့နယ်ပြန်/ဆက်