တနင်္သာရီမြို့၊ ချောင်းကြီးကျောင်းတိုက်ဆရာတော်၏ အရိုးပြာအိုးများအား ဥဒကရေချ ဈာပနအခမ်းအနား မြစ်ရေပြင်အတွင်း ကျင်းပမည်

တနင်္သာရီ စက်တင်ဘာ ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့ ချောင်းကြီးရပ်ကွက် ချောင်းကြီးကျောင်းတိုက် ဦးစီးပဓာန ဆရာတော် သက်တော်(၁၀၃)နှစ်၊ ဝါတော် (၈၃) ဝါရှိသည့် သက်တော်ရှည် ဆရာတော် ဘဒ္ဒန္တအရှင်ပညာဒပသည် ကိုဗစ်-၁၉ ရောဂါဖြင့် မြိတ်မြို့အမှတ်(၅)၊ ကုတင် (၁၀၀) တပ်မတော်ဆေးရုံတွင် စက်တင်ဘာလ(၁၈)ရက်နေ့ နံနက် ၅ နာရီခန့်အချိန်က ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သဖြင့် ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ် တော်အား ကရဝိတ်မော်တော် ယာဉ်ဖြင့် ကိုဗစ်-၁၉ ဆိုင်ရာ ထုတ်ပြန်ချက်နှင့်အညီ တနင်္သာရီမြို့သို့  ပြန်လည်ပင့်ဆောင်၍  တနင်္သာရီမြို့၊ လုံးခရမ်း သုဿန်တွင် မီးသင်္ဂြိုလ်ခဲ့ပြီး ဆရာတော်ဘုရား၏ ကြွင်းကျန်ခဲ့သည့် ဦးခေါင်းတော်နှင့် ခြေအရိုးပြာအိုးများကို စနစ်တကျသိမ်းဆည်း၍ ယခုအခါ ချောင်းကြီးကျောင်းတိုက် ယာယီစံကျောင်းအတွင်း ပူဇော်ခံထားရှိကြောင်း သိရှိရသည်။

အဆိုပါ ဆရာတော်ဘုရားကြီး၏ အရိုးပြာအိုးများအား ၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် (၄) ရက်၊ စက်တင်ဘာလ (၂၄) ရက် မွန်းတည့် (၁၂) နာရီကျော်လွန် အချိန်မှစ၍ ဆရာတော်ဘုရားကြီး သက်တော် ထင်ရှားရှိစဉ်က ဆရာတော်ကိုယ်တိုင် စီးနင်းကြွချီတော်မူသည့် တနင်္သာရီ ရိုးရာ ငွေနန်းသာရီအမည်ရှိ နဂါးလှေတော် ဖြင့် တနင်္သာရီမြစ်ရေပြင်အတွင်း ဥဒကရေချဈာပန အခမ်းအနားကို ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့် အညီ ပြုလုပ်နိုင်ရန် ယမန်နေ့က အရပ်လူကြီးများ၊ ဂေါပကအဖွဲ့၊ တပည့်သံဃာတော်များ၊ ဥပသကာအဖွဲ့နှင့် ဆရာ‌တော်ဘုရား၏ ဆွေတော်၊ မျိုးတော်များက ညှိနှိုင်းတိုင်ပင် ဆွေးနွေးခဲ့ကြပြီးဖြစ်ကြောင်း သိရသည်။

သို့ပါ၍ ဆရာတော်ဘုရားကြီး၏ အရိုးပြာအိုးများအား ဥဒကရေချ ဈာပနအခမ်းအနားကို အန္တရာယ်ကင်းရှင်းစွာ ပြုလုပ်နိုင်ရန်အတွက် ငွေနန်းသာရီ ရိုးရာနဂါး‌လှေတော်ကို စက်တင်ဘာလ(၂၂)ရက်နေ့ နံနက်(၇)နာရီအချိန် ၎င်းလှေရုံမှ မြစ်ရေပြင်သို့ ရေချမင်္ဂလာ ပြုလုပ်မည်ဖြစ်ပြီး လေ့ကျင့်လှော်ခတ်မှုများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း