မြိတ် စက်တင်ဘာ ၂၀
တနင်္သာရီတိုင်ဒေသကြီး မြိတ်မြို့ ဈေးတန်းရပ်ကွက်တွင် လက်ရှိအချိန်၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ၍ အသွားအလာ ကန့်သတ်နေအိမ်များအား အခြေခံစား ကုန်များနှင့် ကိုဗစ်ရောဂါ ကာကွယ်ရေးလုပ်ငန်းကို ပရဟိတ လုပ်အားပေး ဆောင်ရွက်ကြသူများအား ယမန်နေ့ နေ့လယ်ပိုင်းက ဈေးတန်းရပ်ကွက် စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးတွင် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။
ဆန်နှင့် အခြေခံစားသောက်ကုန်များ ပေးအပ်ခြင်းသည် ရပ်ကွက်အတွင်း ကိုဗစ်ကာကွယ်ရေး လုပ်ငန်းများကို ရပ်မိရပ်ဖများနှင့်အတူ ပူပေါင်းလက်တွဲ၍ စေတနာ့ ဝန်ထမ်း ဆောင်ရွက်သူများအား ဈေးတန်းရပ်ကွက်ရှိ ပုလဲရောင်းဝယ်ရေး သမဝါယမအသင်းမှ ဂုဏ်ပြုထောက်ပံ့ခြင်းဖြစ်ကြောင်း သိရသည်။
ထောက်ပံ့ပစ္စည်းများပေးအပ်ရာတွင် ဆန်နှင့် အခြေခံစားသောက်ကုန်များ ဂုဏ်ပြုထောက်ပံ့ပေးရသည့် ရည်ရွယ်ချက်ကို ပုလဲရောင်းဝယ်ရေး သမဝါယမအသင်းမှ ဦးကြီးသင်က ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဦးသောင်းအေးနှင့် တာဝန်ရှိသူများက စေတနာ့ဝန်ထမ်း ဆောင်ရွက်သူများအား ဂုဏ်ပြု စကား ပြောကြားကြသည်။
ထိုနောက် ကိုဗစ်ရောဂါပိုးတွေ့ရှိ၍ အသွားအလာကန့်သတ် နေအိမ်များကိုယ်စား ရပ်ကွက်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌအား အခြေခံစားကုန်များနှင့် ကိုဗစ်ရောဂါ ကာကွယ်ရေးလုပ်ငန်းကို ပရဟိတ လုပ်အားပေးဆောင် ရွက်ကြသူတစ်ဦးချင်းအား ထောက်ပံ့ပစ္စည်းများကို ပုလဲရောင်းဝယ်ရေး သမဝါယမအသင်းမှ တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။ ယခုကဲ့သို့ ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းသည် ဒုတိယအကြိမ် ပေးအပ်ခြင်းဖြစ်ပြီး ဩဂုတ်လ ပထမအပတ်က တစ်ကြိမ် ဂုဏ်ပြုပေးအပ်ပြီးဖြစ်ကြောင်း သိရသည်။
ခိုင်ထူး (မြိတ်)