မင်းဘူး(စကု)မြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှု​ရေးပင်စင်များ ပေးအပ်

မင်းဘူး   စက်တင်ဘာ     ၁၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ အသက်(၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ ကြေးငွေ သုံးသောင်းကျပ်ကို ယနေ့ နံနက်ပိုင်းက ထောက်ပံ့ပေးအပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ က လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးရာတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ် နှင့် အထက် သက်ကြီးဘိုးဘွားများအား တစ်လလျှင် ထောက်ပံ့ငွေ တစ်သောင်းကျပ် နှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးအပ် လျှက်ရှိရာ ယခုအခါ ၂၀၂၀-၂၀၂၁ ခုနှစ်၊ ဘဏ္ဍာရေးနှစ် တတိယသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်) လများအတွက် လူမှုရေးပင်စင် ထောက်ပံ့ကြေးငွေများကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက တစ်ဦးလျှင် သုံးသောင်း ကျပ်နှုန်းဖြင့် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွား (၉၇၁)ဦးရှိပြီး တစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ (၂၉,၁၃၀,၀၀၀) ကျပ်တိတိ/ကို အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မောင်မောင် (မင်းဘူး)