ပြည် စက်တင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ (ဇီးအုပ်) တောင်သူအသိပညာပေး ရှေ့တန်းစခန်း၌ ယမန်နေ့က ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ (GAP)သင်တန်းဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးစန်းလွင်နှင့်တာဝန်ရှိများ၊ ပြည်မြို့နယ် မှော်ဇာကျေးရွာအုပ်စုမှ ဟင်းသီးဟင်းရွက် စိုက်တောင်သူ သင်တန်းသား(၂၀)တို့ တက်ရောက်ပြီး သင်တန်းတွင် (GAP)စနစ်ဖြင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးနည်းပညာရပ်များကို ယမန်နေ့နံနက် ၉ နာရီမှ ညနေ ၄နာရီအထိ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
တောင်သူများအား ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP)ကို သိရှိစေပြီး လက်တွေ့စိုက်ပျိုး ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ခြင်း ဖြစ်ကြောင်းနှင့် GAP စိုက်ပျိုးနည်းဖြင့်ရရှိလာသော တောင်သူများ၏ သီးနှံများနှင့် စိုက်ပျိုးမြေ နမူနာများကို စိုက်ပျိုးရေးဦးစီးဌာနက အခမဲ့စစ်ဆေးပေးပြီး GAP အသိ အမှတ်ပြု လက်မှတ်များ ထုတ်ပေးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ကိုဆက်