လှိုင်းဘွဲ စက်တင်ဘာလ ၁၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် မြို့ပေါ်ရပ်ကွက်/ကျေးရွာများတွင် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများအပါအဝင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်လျက် ရှိရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူတို့၏ ရင်တွင်း စကားသံများကို ယခုလိုကြား သိခဲ့ရပါတယ်။
ဒေါ်အေးအေးစန်း
လှိုင်းဘွဲမြို့၊(ဂ)ရပ်ကွက်၊ ဩဘာလမ်း
ကျွန်မကတော့ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့၊ (ဂ)ရပ်ကွက်၊ ဩဘာလမ်းနေ ဒေါ်အေးအေးစန်း ဖြစ်ပါတယ်၊ ကျွန်မ ကိုဗစ်-၁၉ ရောဂါစဖြစ်တာကတော့ အမျိုးသမီးရောဂါရှိလို့ ဘာအံမြို့ ဗျာဒိတ်ပန်း ဆေးခန်းမှာသွားပြပြီး ကိုဗစ်-၁၉ ရောဂါ စကူးလာတာဖြစ်ပါတယ်။ ပြန်လာတော့ အိမ်မှာနေပြီး တုပ်ကွေးပုံစံ ရာသီတုပ်ကွေးဖြစ်ပြီး ဆေးခန်းသွားပြတော့ ဆရာမက အောက်ဆီဂျင်ကျတယ်လို့ ပြောပါတယ်၊ နောက်နေ့ကျတော့ လှိုင်းဘွဲဆေးရုံကြီးမှာ သွားပြတော့ ကိုဗစ် ပိုး ရှိ/မရှိ စစ်ဆေးတော့ ကိုဗစ်ပိုး တွေ့ရှိပြီး ဆေးရုံတက်ခဲ့ရပါတယ်၊ အိမ်က ကလေးတွေလဲ Quarantine ဝင်ရတာပေါ့၊ ကျွန်မက နှလုံးရောဂါ အခံရှိတော့ လှိုင်းဘွဲ ဆေးရုံမှာထားဖို့ စိတ်မချလို့ ဘားအံမှာပဲ သွားတက်ရမယ်လို့ ဆရာဝန်က ပြောပြီး ဘားအံတွင် သွားရောက်ဆေးကုသမှုခံယူပါတယ်၊ အမျိုးသားကတော့ ကျွန်မကို ပြုစုရင်း နေမကောင်း ဖြစ်သွားပြီး အောက်ဆီဂျင်ကျသွားခဲ့ပါတယ်၊ အောက်ဆီဂျင်ကျပြီး ပြန်မတက်လာဘဲ အသက် ဆုံးရှုံး ရတယ်၊ သူက အဆုပ်သိပ်မကောင်းလို့ ဖြစ်သွားတာပါ၊ ရောဂါလက္ခာကတော့ တစ်အား မောတယ်၊ မူးတယ်၊ ကိုယ်လက်တွေကိုက်ခဲပါတယ်၊ အားအင်လဲ ကုန်ခမ်းသလို ဖြစ်တာပေါ့၊ ကျွန်မကတော့ နည်းနည်းချင်းဆီ ပြန်ကောင်းလာတာပေါ့၊ ဆေးရုံမှာတော့ ဆရာမတွေ ကတော့ ဆေးကို မနက်တစ်ကြိမ် ညတစ်ကြိမ် ပုံမှန် ဆေးထိုးပေးပါတယ်၊ စားဆေးတွေလဲ ပေးပါတယ်၊ ဘယ်လိုနေထိုင်ရမလဲဆိုတာ ပြောပြပါတယ်၊ အိမ်ပြန်ရောက် တော့လဲ ဆေးတွေ က ဆရာဝန်ညွန်ကြားထားတဲ့အတိုင်း သောက်ပြီးနေပြန်ကောင်းလာပါတယ်။
မသူဇာစိုး
လှိုင်းဘွဲမြို့(ခ)ရပ်ကွက်၊အာဇာနည်းလမ်း
ကျွန်မကတော့ လှိုင်းဘွဲမြို့ (ခ)ရပ်ကွက်နေ မသူဇာစိုး ဖြစ်ပါတယ်။ (၇)လပိုင်းကျော်ကျော် ကပေါ့ (၁)နှစ်ကျော်ကျော် တူမလေးက ကိုဗစ်ဖြစ်တယ်၊သူဖြစ်တာလဲ ကိုယ်မသိဘူး၊ တူမလေး ကိုဗစ်ဖြစ်လို့ ဆေးရုံ ရောက်မှ ကိုယ်က စဖျားလာတယ်၊ အစတုန်းကတော့ ဖျားတာ ရာသီတုပ်ကွေးလို့ပဲထင်တယ်၊ ဆေးရုံမသွားဘူး၊ အိမ်မှာပဲ အကိုက်အခဲပျောက်ဆေးသောက် တယ်၊ ရေနွေးများများသောက်တယ်၊ ပါးစပ်အရသာ ပျက်တယ်၊ ထမင်းစား မဝင်ဘူး၊ ဝမ်းသွားတာကတော့ တစ်ရက်ကို (၇)ခေါက် (၈)ခေါက်လောက် သွားတယ်၊ ကျွန်မမောင်လေး က အမက ကိုဗစ် ဖြစ်နေပြီးလို့ ပြောတယ်၊ ကိုယ်က အနံ့မပျောက်သေးတော့ ကိုဗစ် မဟုတ်ပါဘူးလို့ ထင်တယ်၊ တစ်ပတ်လောက် နေပြီးတော့ နေမကောင်းလာတော့ လူမှုကယ်ဆယ်ရေးအဖွဲ့ဆီ ဖုန်းဆက်ပြီး လာကြိုတော့ လှိုင်းဘွဲဆေးရုံ သွားတာပေါ့၊ ဆေးရုံမှာ တစ်ရက်နေပြီး ဆရာဝန်ပေးတဲ့ ဆေးတွေသောက်တယ်၊ အဲ့ဒီညမှာပဲ အန်တာ အခါး သက်သက်ပဲ ထွက်လာတယ်၊ အားမရှိဘူး၊ ထလို့မရနိုင်တော့ ဆရာဝန်ကို ခေါ်ရတယ်၊ ဆရာဝန်က ကိုဗစ်လက္ခဏာပါ ပြောတော့ ကိုယ်က အားပိုရှိအောင် နေပြီး နောက်တစ်ရက် တော့ ထီလုံတိုက်နယ်ဆေးရုံ ရောက်တယ်၊ ဆရာဝန်ပေးတဲ့ဆေး ပုံမှန်သောက်တယ်၊ ထမင်းလဲ သူတို့ စီစဉ်ပေးပြီး ပို့ပေးတယ်၊ များများစားတယ်၊ ရေနွေးများများသောက်တယ်၊ ပန်းသီး၊ ကြက်ဥတွေကို အစားမဝင်လဲ အတင်းဖိစားတယ်၊ ထမင်းစားရင် လည်ပင်းမှာ နင်လို့ လုံးဝထမင်းစားလို့ မရပေမယ့် အတင်းစားတယ်၊ ကိုယ်က ထမင်းမစားရင် မပျောက်နိုင် ဘူးဆိုတာ သိလို့ မရရအောင်စားတယ်၊ ထမင်းစားမှ ဆေးသောက်လို့ အကျိုးထိရောက်မှာ လေ၊ (၅)ရက်ကြာလည်း အားက မရှိလာသေးဘူး၊ ညဆိုရင် ချောင်းဆုံးတာ တစ်ညလုံးပဲ၊ အိပ်လို့မပျော်ဘူး၊ ရေနွေးပဲ များများသောက်တယ်၊ အောက်ဆီဂျင် နေ့တိုင်း ပုံမှန်တိုင်းတယ်၊ သွေးပေါင်ချိန် တိုင်းတယ်၊ သွေးပေါင်ချိန်တွေကျတယ်၊ ဒါပေမဲ့ အစားသောက်က အဓိကပဲ၊ အဖျားပျောက်သွားတော့ အိမ်ကို ပြန်ရောက်လာတယ်၊ အိမ်မှာ တစ်ပတ်ကျော်ကျော် ပြန်လာ နေပြီးမှ အစားတွေ ဝင်လာတယ်၊ ဝမ်းသွားတာ၊ ဖျားတာတွေ ပျောက်လာတယ်၊ အဖျားပျောက် ပေမယ့် ဆရာဝန်ပေးတဲ့ဆေးတွေ ပုံမှန်သောက်တယ်၊ အားဆေးတွေ သောက် တယ်၊ တစ်လကျော်ကျော်မှ ပုံမှန်အတိုင်းဖြစ်တယ်၊ ကိုဗစ်ပျောက်လို့ နောက်ဆက်တွဲ ဆိုးကျိုးတွေက ကျောအောက်တာ၊ ရင်ဘတ်အောက်တာတွေ မရှိပါဘူး၊ ကျွန်မပြောချင် တာကတော့ ကိုဗစ်ဖြစ်ရင် အားမငယ်ပါနဲ့ စိတ်ဓါတ်မကျပါနဲ့ အဓိကက စိတ်ပါပဲ၊ ဖြစ်ပြီးဆိုရင်လဲ အစားများများစားပါ၊ ငါမစားရင် မပျောက်ဘူးဆိုတဲ့စိတ်နဲ့ များများစားပါ၊ ရေနွေးများများသောက်ပါ၊ ရေနွေးများများသောက်ရင် အာခေါင်ကရှင်းပြီး အသက်ရှုရ ပိုးကောင်းလာမယ်၊ အဲ့လိုအားရှိနေအောင်နေမှ ကိုဗစ်ပျောက်သွားမယ်၊ ယခု ကျွန်မတို့ အမေကော၊ တူမလေးကော၊ မိသားစု အကုန်လုံးကောင်းသွားပါပြီး၊ လှိုင်းဘွဲဆေးရုံက ဆရာ/မတွေ၊ ကူညီပေးတဲ့သူတွေ အကုန်လုံးကိုကျေးဇူးတင်ပါတယ်၊