ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး မြဝတီမြို့အောက်ဆီဂျင်စက်ရုံအား ဖွင့်လှစ်ပေးပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေး

မြဝတီ စက်တင်ဘာ ၁၉

ကရင်ပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကိုနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယမန်ရက်နေ့  နံနက်ပိုင်းက မြဝတီမြို့  အောက်ဆီဂျင်စက်ရုံအား ဖွင့်လှစ်ပေးပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မှုများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြဝတီခရိုင် ကုတင် ၂၀၀ ဆံ့ပြည်သူ့ဆေးရုံသို့ ‌ရောက်ရှိပြီး RT-PCR Room အား ကြည့်ရှု့စစ်ဆေးပြီး ပြည်သူ့ ဆေးရုံကြီးအပေါ်ထပ်အစည်းအဝေးခန်းမ၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်းများအား တွေ့ဆုံအားပေး စကားပြောကြား၍ ပါးစပ်နှင့်နာခေါင်းစည်း Mask ၃၀၀၀ အပါအဝင် ဆန်၊ ကြက်ဥအစရှိသော အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ကာ မြဝတီခရိုင် ပြည်သူ့ဆေးရုံတွင် တက်ရောက် ဆေးကုသမှု ခံယူနေသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေး၍ အာဟာရဖြည့်စွက် အစားအစာများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြဝတီဖောင်ဒေးရှင်းအောက်ဆီဂျင်စက်ရုံကို တက်ရောက်ဖွင့်လှစ်ပေးခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး မြဝတီဖောင်ဒေးရှင်းဥက္ကဋ္ဌက အောက်ဆီဂျင်စက်ရုံနှင့် ပတ်သက်၍ အချက်အလက်များအား ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်က အောက်ဆီဂျင်စက်ရုံသစ် မြေနေရာ အသိအမှတ်ပြုလွှာ (ယာယီမြေပေးမိန့်)ကို ပေးအပ်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးအတွက် ပါဝင်လှူဒါန်းပေးကြသော စေတနာရှင် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရား လွှတ်တော်တရားသူကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ နယ်ခြားစောင့်တပ်(BGF)တပ်နယ်မှူး စောမုတ်သို၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြဝတီဖောင်ဒေးရှင်း ဥက္ကဋ္ဌတို့က အောက်ဆီဂျင်စက်ရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ မော်ကွန်းတင်ကမ္ဗည်းကျောက်စာအား အမွှေးနံ့သာရည်များ ပက်ဖျန်း၍ အောက်ဆီဂျင်စက်ရုံအား လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့ကြသည်။

မြဝတီဖောင်ဒေးရှင်းအောက်ဆီဂျင်စက်ရုံသည် တစ်ရက်လျှင် ၄၀ လီတာဆံ့ဆလင်ဒါအိုး ၈၀ မှ ၁၀၀ ကြား ထုတ်ပေးနိုင်သည့် တရုတ်နိုင်ငံထုတ် စက်အမျိုးအစားဖြစ်ပြီး ဆလင်ဒါအိုးများထားရန် အဆောက်အဦတစ်လုံး အပါအဝင် ပင်မအဆောက်အဦ တစ်လုံး၊ (250)KVA ထရန်စဖော်မာတစ်လုံးနှင့် အခြားလိုအပ်သည်များတပ်ဆင်၍ စေတနာရှင်များ၏ ထည့်ဝင်လှူဒါန်းငွေ စုစုပေါင်း ငွေကျပ်သိန်း (၂၃၀၀)ဖြင့် တည်ဆောက်ခဲ့ကာ မြဝတီမြို့နယ်အတွင်းရှိ အမှန်တကယ်လိုအပ်နေသော ဆေးရုံ၊ ဆေးခန်း များ၊ ကိုဗစ်-၁၉ ကုသရေးစင်တာများ၏ အောက်ဆီဂျင်လို အပ်ချက်များကို ဖြည့်ဆည်းဖြန်းဖြူး ပေးနိုင်မည်ဖြစ်သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် သောင်ရင်းခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြဝတီခရိုင်၊ မြဝတီမြို့နယ် ဦးစီးမှူးရုံးနှင့် ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးအပ်ပွဲသို့ တက်ရောက်အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လူမှုရေးရာ ဝန်ကြီးဦးစိုးလွင်၊ ပြည်နယ်ဝန်ကြီးများနှင့် နယ်ခြားစောင့်တပ် တပ်နယ်မှူး စောမုတ်သုန်တို့က မြဝတီမြို့နယ်အတွင်းရှိ စက်ရုံ/အလုပ်ရုံများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုများမှ ‌ဒေသခံ ပြည်သူများအား နိုင်ငံသားစိစစ်ရေကတ်ပြား စုစုပေါင်း ၁၈၇၅ ကတ်ကို လက်ဝယ်အရောက် ပေးအပ်ခဲ့ကြရာ ဒေသခံ ပြည်သူများကိုယ်စား ပြည်သူတစ်ဦးကကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါသောင်ရင်းခန်းမ၌ မြဝတီမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ပျကဆီးသွားသော ဖလူး၊ မဲ့ထော်သလေး၊ မဲကနယ်ကျေးရွာများမှ မိုးအစေ့ထုတ်ပြောင်း (၈၈) ဧကအတွက် အစားထိုး ပြန်လည်စိုက်ပျိုးနိုင်ရန် အစေ့ထုတ်ပြောင်း (၅)ကီလိုထုပ် (၃၅)ထုပ်၊ ပဲတီစိမ်းမျိုးစေ့(၁၂)ကီလိုအိတ် (၅၃)အိတ်၊ သီးနှံ တစ်ဧကလျှင် ဓါတ်မြေဩဇာ(၁)အိတ်နှုန်းဖြင့် (၈၈)အိတ်၊ ပိုးသတ်ဆေး(၇၁)ထုတ်နှင့် ရေဘေးသင့်ခဲ့သော ဖလူး၊ မင်းလက်ပံ၊ အင်ကြင်းမြိုင်၊ ဝေါလေမြိုင်၊ ဆုံဆည်းမြိုင်ကျေးရွာများသို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ပံ့ပိုးသည့် တိရစ္ဆာန်အစာအိတ် စုစုပေါင်း (၁၀၀)အိတ်ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ထိုင်းနိုင်ငံမှ ပြန်လည် ဝင်ရောက်လာသော နေရပ်ပြန်များအား ပြန်လည်ကြိုဆိုလက်ခံနေခြင်း၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာများ အသိပညာပေးခြင်း၊ ပြန်လည်ဝင်ရောက်လာသူများ၏ အချက်အလက်များ ကောက်ယူခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် နေရပ်သို့ ပြန်လည် ပို့ဆောင်ပေးခြင်းများအား ကြည့်ရှု့စစ်ဆေးခဲ့ကြပြီး အမှတ်(၂) ချစ်ကြည်ရေးတံတားအနီး သောင်ရင်းမြစ်ကမ်းထိန်းနံရံ တည်ဆောက်နိုင်ရေး ကြည့်ရှု့စစ်ဆေး ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိမ်းလဲ့မြိုင်အဝေးပြေးယာဉ် ရပ်နားစခန်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ယာဉ်ရပ်နားစခန်းအား တည်ဆောက်ခဲ့သော Steeping Stone Co.Ltd CEO က ယာဉ်ရပ်နား စခန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ကော့ကရိတ်မြို့ အောက်ဆီဂျင် စက်ရုံတည်ဆောက်မည့် မြေနေရာအား ကြည့်ရှု့စစ်ဆေးရာ ကော့ကရိတ်ခရိုင် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက မြေနေရာနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ကော့ကရိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၂၀ အုပ်စုမှ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွား‌သော မိုးစပါးစိုက်ဧက ၈၃၅ ဧကအတွက် ဓါတ်မြေဩဇာ ပိုးသတ်ဆေးနှင့် တိရစ္ဆာန် အစာအိတ်များ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုတ်တိုက်ကျောင်းဆရာတော် ဘဒ္ဒန္တဝိဇယအား ဖူးမြော်ကြည်ညို၍ ဒေသဖွံ့ဖြိုးရေးနှင့် သာသနာတော် ဆိုင်ရာများလျှောက်ထားတင်ပြကာ ဆန်၊ ဆီ အစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံဒိုး-ကော့ကရိတ်လမ်းပေါ်ရှိ ယာဉ်စစ်ဆေးဂိတ် ဆောက်လုပ်နေမှု၊ ဝန်ထမ်း နေအိမ်တည်ဆောက်နေမှုနှင့် စက်ရေတွင်းတူးဖော်နေမှု အခြေအနေများအား ကြည့်ရှု့စစ်ဆေးရာ ပြည်နယ်လမ်းဦးစီးဌာနမှူး ဦးနန်းမြင့်အောင်နှင့် တာဝန်ရှိသူများက တည်ဆောက်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း