စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့နယ်အတွင်းရှိ မွေးမြူရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မုံရွာ စက်တင်ဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်၊ မာလဲတောကျေးရွာရှိ မိုးပျံနဂါးကုမ္ပဏီလိမိတက် ဘက်စုံမွေးမြူရေးခြံသို့ရောက်ရှိရာ ခြံတာဝန်ခံ ဦးသက်ပိုင်ဖြိုးက  ဘက်စုံမွေးမြူရေးခြံ မြေဧက  - ၃၀ တွင် ဧက - ၂၀ အား စိုက်ပျိုးရေးအတွက် အသုံးပြုထားပြီး ကျန်မြေ - ၁၀ ဧကအား မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကျော်က လူတိုင်းအတွက် ကျန်းမာစွာဖြင့် အသက်ရှည် နေထိုင်နိုင်ရေးသည် အရေးကြီးပါကြောင်း၊ ၎င်းအတွက် ကျန်းမာရေးနှင့်ကိုက်ညီသည့် သန့်ရှင်းလတ်ဆက်သော အသားများကို ဈေးနှုန်း သက်သာစွာဖြင့် လုံလောက်စွာ ၀ယ်ယူနိုင်ရေးသည် အရေးကြီးပါကြောင်း၊ မွေးမြူရေးကို စိုက်ပျိုးရေးနှင့်အတူ ပူးတွဲလုပ်ကိုင် ဆောင်ရွက်ခြင်းဖြင့် မွေးမြူရေးစွန့်ထုတ်ပစ္စည်းများသည် စိုက်ပျိုးရေးတွင် မြေသြဇာအဖြစ် အစားထိုးအသုံးပြုနိုင်ခြင်းကြောင့် ကုန်ကျစရိတ်သက်သာသည့်အပြင် ဓာတုပစ္စည်းများ၏ ဆိုးကျိူးအန္တရာယ်မှ ကင်းလွတ်ခြင်းကြောင့် စားသုံးသူများရဲ့ကျန်းမာရေးကို များစွာအထောက်အကူပြုပါကြောင်း၊ မွေးမြူရေးထုတ်ကုန်များကိုလည်း ဒေသခံများနှင့် တိုင်းဒေသကြီးအတွင်းသာမက ပြည်ပသို့တင်ပို့ရောင်းချနိုင်ရေး အတွက်ပါ ရည်မှန်းလုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ ထိုသို့လုပ်ဆောင်ရာတွင် ဈေးနှုန်းသက်သာပြီး ကျန်းမာရေးနှင့်ပါ ကိုက်ညီအောင် သတိပြုဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း ပြောကြားကာ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီး ဘက်စုံမွေးမြူရေးခြံအတွင်း ဒေသနွားပြာ စိမ်း အကောင်ရေ - ၁၉၇ ကောင်၊ CP ၀က် အကောင်ရေ - ၁၀၆၇ ကောင်၊ ဂျိတ်နီ ဆိတ်အကောင်ရေ - ၇၈ ကောင်၊ တိုင်းရင်းကြက် အကောင်ရေ - ၂၉၂ ကောင်၊ မွေးမြူထားရှိမှုနှင့် နေဗီယာမြတ် - ၉ ဧက စိုက်ပျိုးထားရှိမှုတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာရှိ သဇင်ပန်းကြက်မွေးမြူရေးခြံ ရှင်းလင်းဆောင်သို့ရောက်ရှိရာ ခြံတာဝန်ခံ ဦးဆန်းယုက  အသားတိုးကြက် -  ၃၈၀၀၀ ကောင် မွေးမြူထားရှိမှု လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ၀န်ကြီးချုပ်က ရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောက်ဆည်ကျေးရွာရှိ ၀က်မွေးမြူရေးခြံ တည်ဆောက်ရေး ရှင်းလင်းဆောင်သို့  ရောက်ရှိရာ ခြံတာဝန်ခံ  ဦးဆန်းယုက ၀က်မွေးမြူရေးခြံ တည်ဆောက်နေမှု လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကျော်က  ရှင်းလင်းတင်ပြချက်များ အပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ ၀က်မွေးမြူရေးခြံ တည်ဆောက်နေမှုအား ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

ဝင်းဦး(​ဇေယျာတိုင်း)