ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြန်အောင်မြို့နယ် ကျေးလက်‌ဒေသ လျှပ်စစ်မီးရရှိရေးလုပ်ငန်းများ ကြည့်ရှု့စစ်ဆေး၊ မျိုးစေ့ထုတ်မိုးစပါး အထွက်တိုးရေး ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်

မြန်အောင် စက်တင်ဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့  ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်တို့သည် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ယနေ့နံနက်က မြန်အောင်မြို့နယ် ဘန့်ဘွေးကုန်ကျေးရွာအုပ်စုတွင် ကျေးလက်ဒေသ လျှပ်စစ်မီးရရှိရေး လုပ်ငန်းများ ကြည့်ရှု့စစ်ဆေးခြင်းနှင့် မျိုး‌စေ့ထုတ်လယ်ယာမြေ မြေဩဇာကြဲပက်ပွဲနှင့် မျိုးစပါးအထွက်တိုးရေး ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့  ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည်  မြန်အောင်မြို့နယ် မျှင်ဝါးတောင်ကျေးရွာ ကွင်းအမှတ် (၃၅၄) တောင်သူ ဦးသောင်းဌေး၏ မျိုးစေ့ထုတ်ဧက(၅)ဧကတွင် ‌ဓာတ်မြေဩဇာကြဲပက်ပွဲကို တက်ရောက်အားပေးပြီး စပါးမျိုးစေ့ထုတ်တောင် သူ(၂၀)ဦးတို့အား ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘန့်ဘွေးကုန်းကျေးရွာအုပ်စုတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  Mega Global Green Company မှ တာဝန်ယူဆောင်ရွက်သည့် အသေးစား Solar လျှပ်စစ်စီမံကိန်းသို့ ရောက်ရှိရာ တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးနေထက်ရှိန်နှင့် ကုမ္ပဏီမှတာဝန်ရှိသူများက လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အခြေအနေတို့ကို ရှင်းလင်းတင်ပြခဲ့ကြပြီး ကျေးရွာအတွင်း လျှပ်စစ်မီးသုံးစွဲ‌နေမှုကို လှည်လည်ကြည့်ရှု့၍ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့သည်။

ဆက်လက်၍  ဘန့်ဘွေးကုန်းကျေးရွာအုပ်စု တပ်ကုန်းကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ဂျိတ်တောကျေးရွာတို့တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  Mega Smart Measurement  & Control Co.,Ltd. မှ တာဝန်ယူ ဆောင်ရွက်သည့်  Solar Mini-Grid မီးလင်းရေး ဆောင်ရွက်မှုအခြေအနေကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်သော  အသေးစား Solar လျှပ်စစ်စီမံကိန်းကြောင့် မြန်အောင်မြို့နယ် ဘန့်ဘွေးကုန်းကျေးရွာအုပ်စု  ဘန့်ဘွေးကုန်း‌ကျေးရွာနှင့် ရေတာကျေးရွာတို့ရှိ အိမ်ခြေ (၂၉၄)အိမ် မီးသွယ်တန်းပြီး ဘုန်းကြီး ကျောင်း (၂) ကျောင်း၊ စာသင်ကျောင်း (၂)ကျောင်း၊ ဆေးခန်း(၁)ခန်း မီးသွယ်တန်းပြီး (၂၁-၄-၂၀၂၁) ရက်နေ့မှစ၍ မီးစတင်ပေးဝေ အသုံးပြုလျက်ရှိကြောင်းနှင့် Solar Mini-Grid မီးလင်းရေး ဆောင်ရွက်မှုကြောင့် တပ်ကုန်း၊ရွာသစ်၊ဂျိတ်တော  ရွာတို့ရှိ အိမ်ခြေ (၁၃၄)အိမ် မီးသွယ်တန်းပြီး ဘုန်းကြီးကျောင်း (၁) ကျောင်း၊ စာသင်ကျောင်း (၁)ကျောင်း မီးသွယ်တန်းပြီး (၁-၂-၂၀၂၁) ရက်နေ့မှစ၍ မီးစတင်ပေးဝေ အသုံးပြုလျက်ရှိကြောင်း မြန်အောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရှိရသည်။

ဝင်းဗိုလ်