ဝေါမြို့နယ်တွင် တိုင်းရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်စာရင်းများ အချိန်မီ မှန်မှန်ကန်ကန် ဖြည့်စွက် ပြင်ဆင် နိုင်ရန် ကြည့်ရှုစစ်ဆေး

ဝေါ  ဩဂုတ် ၁၅

ပဲခူးတိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် ဝေါမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ကော်မတီ အဖွဲ့ဝင်တို့သည် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ဝေါမြို့နယ်‌‌ ကော်မရှင်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဒေါက်တာ ကြည်စိုး (ပဲခူးခရိုင် နယ်မြေတာဝန်ခံ) က အမှာစကား ပြောကြားရာတွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်များစာရင်း (ပထမ)အကြိမ်ကို ရပ်ကျေးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် ကြေငြာကပ်ထားပြီးဖြစ်ရာ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပွင့်လင်း မြင်သာစွာဖြင့် အမှားနည်း နိုင်သမျှ နည်းအောင် ဝိုင်းဝန်းဆောင်ရွက် သွားကြရန် တိုက်တွန်း ပြောကြားခဲ့သည်။

ထို့‌နောက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးလှိုင်မှ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများအား အချိန်မီ မှန်မှန်ကန်ကန် ဖြည့်စွက်ပြင်ဆင်နိုင်ရန် ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဒေါက်တာကြည်စိုး (ပဲခူးခရိုင်နယ်မြေ တာဝန်ခံ)၊ အဖွဲ့ဝင် ဒေါ်ခင်လှဆွေနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များမှ အချိန်မီ မှန်မှန်ကန်ကန် ဖြည့်စွက်ပြင်ဆင်နိုင်ရန် ရပ်/ကျေး ရွေးကောက်ပွဲ ကော်မရှင်ရုံးခွဲများတွင် ကပ်ထားသော မဲဆန္ဒရှင် စာရင်းများကို ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဝေါမြို့နယ်တွင် ယမန်နေ့အထိ မဲစာရင်း၌ အမည်စာရင်းမပါရှိ၍ ပုံစံ(၃)ဖြင့် လာရောက် လျှောက်ထားသူ (၇၇၀)ဦး၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေ၍ ပုံစံ(၄)ဖြင့် လာရောက် ကန့်ကွက်သူ (၉၃)ဦး၊ မဲစာရင်းတွင် ကိုယ်ရေး အချက်အလက်များ မှားယွင်းနေသဖြင့် ပြင်ဆင်ရန် ပုံစံ(၄)(ဂ)ဖြင့် လာရောက် လျှောက်ထားသူ (၂၆၁)ဦးရှိကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)