မုံရွာ စက်တင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ် စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး ဝင်းတင်စိုးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်း ခရိုင်၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိရာ အသက်(၅၅) နှစ်နှင့်အထက် ပြည်သူများနှင့် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများ ထိုးနှံပေးနေမှုအား ကြည့်ရှုအားပေးပြီး ကာကွယ်ဆေး ထိုးနှံပေးနေမှုလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ကာကွယ်ဆေးများ လာရောက်ထိုးနှံကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ကုတင် (၂၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိရာ ဆေးရုံအုပ်ကြီးဒေါက်တာ ချောနန္ဒီက စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပေးအပ်သည့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ပြီးစီးမှုအား လိုက်လံ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး အောက်ဆီဂျင်စက်ရုံ တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးကာ ဆေးကုသမှုခံယူနေကြသော ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့သည်။
အဆိုပါ စစ်ကိုင်းမြို့၊ ကုတင်- ၂၀၀ ဆံ့ ပြည်သူ့ရုံအတွင်း တည်ဆောက်လျက်ရှိသည့် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့မှပေးအပ်သည့် အောက်ဆီဂျင်စက်ရုံသည် တစ်ရက်လျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး ၉၀ ခန့် ထွက်ရှိမည်ဖြစ်ပြီး စစ်ကိုင်းမြို့အတွက် လိုအပ်သည့် အောက်ဆီဂျင်အား လုံလောက်စွာရရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။