အိမ်မဲမြို့နယ် အောက်ဆီဂျင်စက် ယာယီထားရှိသည့်နေရာမှ အမြဲတမ်းထားရှိမည့်နေရာသို့ ရောက်ရှိ

အိမ်မဲ စက်တင်ဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်တွင် အလှူရှင်မိသားစုမှ လှူဒါန်းသည့် အောက်ဆီဂျင်စက်မှာ ယာယီထားရှိ အောက်ဆီဂျင် ထုတ်လုပ် သည့်နေရာမှ အမြဲတမ်းထားရှိမည့် နေရာသို့ ယမန်ရက်နံနက် ၁၀ နာရီကရောက်ရှိခဲ့ကြောင်းသိရသည်။

အောက်ဆီဂျင်စက် အမြဲတမ်းထားရှိမည့်နေရာမှာ အိမ်မဲမြို့အထက်ပိုင်းရပ်ကွက် လူငယ်လေ့ကျင့်ရေး ဘောလုံးကွင်း(သဲကွင်း)ဝန်းတွင် ထားရှိမည်ဖြစ်ပြီး အောကဆီဂျင်စက်ရောက်ရှိသည့် သြဂုတ်လ ၁၈ ရက်နေ့က အဆိုပါနေရာသို့ အောကဆီဂျင်သယ်ဆောင်လာသည့် ကွန်တိန်နာကားဝင်ရန်လမ်း အဆင်သင့် မဖြစ်ခြင်း၊ လုံလောက်သော လျှပ်စစ်မီးမရရှိသေးသောကြောင့် ရေတံခွန်သောက်ရေသန့် စက်ရုံဝန်းအတွင်းယာယီထားရှိပြီး လည်ပတ်ခဲ့ရကြောင်း သိရသည်။

ယခုအခါအောက်ဆီဂျင်စက် အမြဲတမ်းထားရှိမည့်နေရာသို့ ကွန်တိန်နာကားဝင်ရန်လမ်း၊ လျှပ်စစ်မီးနှင့် အခြားလိုအပ်သည်များ အဆင်သင့်ဖြစ်ပြီ ဖြစ်သောကြောင့် မြို့နယ်ဆီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊မြို့မိမြို့ဖများ၊ တာဝန်ရှိသူများက ယာယီထားရှိသည့်နေရာမှ အမြဲတမ်းထားရှိမည့်နေရာသို့သယ်ယူပို့ဆောင်ခဲ့ကြပြီး မွန်းလွဲ ၂ နာရီတွင် အောကဆီဂျင်စက် လည်ပတ်ရန် ပြင်ဆင်ထားရှိပြီ ဖြစ်ကြောင်းနှင့် အောက်ဆီဂျင်ကို မြို့နယ်ပြည်သူ့ ဆေးရုံလိုအပ်ချက်အတိုင်းဖြည့်တင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ အောက်ဆီဂျင်စက်မှာ ယာယီထားရှိသည့်နေရာတွင် စတင်လည်ပတ်စဉ်က ၆၅ မိနစ်တွင် ၄၀လီတာ (၅)လုံး ရရှိကြောင်းလည်း မြို့နယ် အောက်ဆီဂျင်ဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။

ချစ်သက်လယ်