ဝါးခယ်မ စက်တင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်ရှိကျေး ရွာ(၂)ရွာတွင် ယနေ့နံနက်ပိုင်းက ဧရာဝတီမြစ်ရေနှင့်ရွှေလောင်းမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့ကြောင်းသိရ သည်။
အဆိုပါမြစ်ရေတိုက်စားမှုကြောင့် ဟင်္သာဒုံးကျေးရွာအုပ်စု၊ ဟင်္သာဒုံးကျေးရွာတွင် မြစ်ကမ်းပါးအလျား (၅၀)ပေ၊ အနံ (၃၀)ပေခန့်၊ ရွှေလောင်းမြစ်ရေတိုက်စားမှုကြောင့် အထက်ပေကုန်း ကျေးရွာအုပ်စု၊ အထက် ပေကုန်းကျေးရွာတွင်မြစ်ကမ်းပါးအလျား(၄၀)ပေ၊ အနံ(၂၀)ပေခန့်အသီးသီးပြိုကျခဲ့ရာ လူ၊ တိရိစ္ဆာန်နှင့် အဆောက်အဦများထိခိုက်မှုမရှိကြောင်း၊ မြစ်ကမ်းပါးအနီးတွင် နေထိုင်သော ဟင်္သာဒုံး ကျေးရွာရှိနေအိမ် (၄)လုံး၊ အထက်ပေကုန်းကျေးရွာတွင်နေအိမ် (၄) လုံး၊ စုစုပေါင်း နေအိမ်(၈)လုံးနှင့် မိသားစုဝင် ကျား(၁၉) ဦး၊ မ(၂၀)ဦး၊ စုစုပေါင်း(၃၉)ဦးတို့အား ရွှေလောင်းနယ်မြေမှ ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသားများက ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ပြီးနေအိမ်များ၏ စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုးမှာ ငွေကျပ်(၂၉) သိန်းဖြစ်ကြောင်း သိရသည်။
အထက်ပေကုန်းကျေးရွာအုပ်စုသည် ရွှေလောင်းမြစ်ကမ်းပါးတွင်လည်းကောင်း၊ ဟင်္သာဒုံးကျေးရွာ အုပ်စုသည် ဧရာဝတီမြစ်ကမ်းပါးတွင်လည်းကောင်း၊ အသီးသီးတည်ရှိသောကြောင့် အလားတူ မြစ်ကမ်း ပါးပြိုကျမှုများ ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။
စောသန္တာဦး