ရွှေဘိုမြို့တွင် တောင်သူနည်းပညာပေးသင်တန်းနှင့် စိုက်ပျိုးရေးသွင်းအားစုများ ထောက်ပံ့

ရွှေဘို၊ စက်တင်ဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် တောင်သူနည်းပညာပေးသင်တန်းနှင့် စိုက်ပျိုးရေး သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက ရွှေဘိုမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန ရှင်ယွန်းစံခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ တိုင်းဒေသကြီးအစီစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသော ရွှေဘိုမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးနည်းပညာပြန့်ပွားရေး စင်တာ(၅)ခုရှိ တောင်သူ(၁၈)ဦး၏ စပါးအထွက်နှုန်း တိုးတက်ရေးစံပြကွက် ဧက(၅၀)နှင့် တောင်သူ(၃)ဦး၏ အစေ့ထုတ်ပြောင်းပညာ‌ ပေးစံပြကွက် (၂၀)ဧကစိုက်ပျိုးသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးမှုး ဒေါ်ဇာဇာမင်းနှင့် တာဝန်ရှိသူများက စိုက်ပျိုးရေးသွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် တောင်သူများအနေဖြင့် သိပ္ပံနည်းကျစိုက်နည်းစနစ်များကို လိုက်နာကျင့်သုံးခြင်းဖြင့် စပါးအထွက်နှုန်း ပိုမိုထွက်ရှိခြင်းကို တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် လည်းကောင်း၊ မျိုး၊ မြေဩဇာ၊ ပိုးသတ်ဆေး စသည်တို့ကို စနစ်တကျအချိန်ကိုက် အချိုးကျ ထည့်သွင်းအသုံးပြုနိုင်စေရန် အတွက်လည်ကောင်း၊ တောင်သူအချင်းချင်း နည်းပညာများ ဖလှယ်ဆွေးနွေး အသုံးပြုတတ်စေရန်အတွက်လည်ကောင်း ရည်ရွယ်၍ သိပ္ပံနည်းကျ စိုက်နည်းစနစ်(၁၄)ချက်အကြောင်းကို တောင်သူ(၂၁)ဦးအား ကျန်းမာရေးဝန်ကြီးဌာမှ ညွှန်ကြားထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ သင်တန်း ပို့ချခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှုး ဒေါ်ဇာဇာမင်းမှ ပြောကြားသည်။

ခရိုင်ပြန်/ဆက်