မြိတ်မြို့တွင် ပြည်သူများအတွက် လေဘေးအန္တရာယ် အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူ

မြိတ်   စက်တင်ဘာ   ၁၉

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာ မြိတ်-တနင်္သာရီ ကားလမ်းမဘေးတွင် ပြည်သူများအတွက် လေဘေးအန္တရာယ်များကို ကြိုတင် ကာကွယ်နိုင်ရေးနှင့် ဖြစ်ပွားလာပါက ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိစေရန် ရည်ရွယ်ချက်ဖြင့် ယနေ့နံနက်ပိုင်းက ပညာပေးမြေစိုက် ပိုစတာကို ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မှ စိုက်ထူခဲ့ကြသည်။

ပညာပေး မြေစိုက်ပိုစတာတွင် လေပြင်းဘေးအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ လေပြင်းတိုက်ခတ်နေစဉ် သတိပြုလိုက်နာရန်အချက်များ၊ လေပြင်း တိုက်ခတ်နေစဉ် မိုးသီးကြွေခြင်း၊ မိုးထစ်ချုန်းရွာခြင်း ဖြစ်ပေါ်ပါက သတိပြုလိုက်နာရန်အချက်များ၊ လေပြင်းတိုက်ခတ်ပြီးနောက် ဆောင်ရွက်ရန် အချက်များ ဖော်ပြပါရှိပြီး ပညာပေးမြေစိုက် ပိုစတာ(၉)ပေ၊ (၆)ပေကို ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက စိုက်ထူခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး