ကန့်ဘလူမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ ကောက်စိုက်စက်ဖြင့် ကျေးရွာသုံးရွာ၌ မိုးစပါး ၂၅၀ ဧက စိုက်ပျိုးပြီးစီး

ကန့်ဘလူ စက်တင်ဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် မိုးကြိုး၊ ဒါန်းပင်နှင့် ကြိုးကြာကျေးရွာတို့တွင် စက်မှုလယ်ယာဦးစီးဌာန အမှတ် (၄၀) စခန်းမှ ကောက်စိုက်စက်ဖြင့် တောင်သူအကျိုးပြု မိုးစပါး ၂၅၀ ဧကကို ဩဂုတ်လ ဆန်းပိုင်းက စတင်၍ စိုက်ပျိုးပေးခဲ့ရာ ယခုအခါ ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ တောင်သူများ မိုးစပါး သီးနှံစိုက်ပျိုး ရာသီတွင် သီးနှံအထွက် နှုန်းကောင်းမွန်ရေး၊ စက်ကိရိယာများတွင်ကျယ်စွာ အသုံးပြုခြင်းဖြင့် သီးနှံစိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာ စေရေးနှင့် ကျေးလက်လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် ရည်ရွယ်ကာ ကောက်စိုက်စက်ဖြင့် စိုက်ပျိုး ပေးခြင်းဖြစ်ကြောင်းသိရသည်။


 

မြို့နယ်အတွင်းရှိတောင်သူများ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ပိုမိုအားကောင်းလာစေရန် နှင့်စက် မှုလယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုး တက်စေရန်အတွက် ကောက်စိုက်စက်ဖြင့် လက်တွေ့ စိုက်ပျိုးပြသပေးခြင်းဖြစ် ကြောင်း၊ ကောက်စိုက်စက်နှင့်စိုက်ပျိုးခြင်းဖြင့် ပျိုးထောင်၊ ပျိုးနှုတ်၊ မျိုးစရိတ်နှင့်မျိုးများ သက်သာပြီး စိုက်ပျိုး ချိန်ကြာမြင့်မှုနှင့် လယ်ယာလုပ်သားရှားပါးမှု အခက်အခဲကိုလည်း ကျော်လွှားနိုင်မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းက ပြောသည်။


 

ထိုသို့ စိုက်ပျိုးခဲ့ရာတွင် စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက ကန့်ဘလူမြို့နယ် မိုးကြိုးကျေးရွာမှ တောင်သူ (၅၀) ဦး၏ မိုးစပါးလယ်ဧက ၂၀၀၊ ဒါန်းပင်ကျေးရွာမှ တောင်သူ () ဦး၏ မိုးစပါးလယ် ၂၅ ဧက နှင့် ကြိုးကြာကျေးရွာမှ တောင်သူ() ဦး၏ မိုးစပါးလယ် ၂၅ ဧကတို့ကို ကောက်စိုက်စက် ဖြင့်စိုက်ပျိုးပြသခဲ့ရာ အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံတောင်သူများ လာရောက်လေ့လာ ကြည့်ရှုခဲ့ကြ ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)