ဝန်းသို စက်တင်ဘာ ၁၉
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသများ၌ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်သော ကျေးရွာများ ပေါ်ထွက်လာစေရန်နှင့် ကျေးရွာလူနေမှုဘဝများ အဆင့်မြင့်မားလာစေရန်အတွက် ခေါင်း ဆောင်မှုနှင့် အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး အသိပညာပေးသင်တန်းများကိုဖွင့်လှစ်၍ ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များအား စွမ်းဆောင်ရည်မြှင့်တင်ပေးလျက်ရှိရာ စစ်ကိုင်းတိုင်း ဒေသကြီး၊ ဝန်းသို မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၁ ရွာတွင် အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
"ကျနော်တို့ဌာနက ကျေးလက်ဒေသတွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်ပြီဆိုရင်ကော်မတီလေးတွေ ဖွဲ့ပေးပြီး ဆောင်ရွက်စေတယ်၊ တစ်နည်းအားဖြင့် ကော်မတီဝင်တွေက ကျေးရွာအဆင့်ခေါင်းဆောင် တွေပါ၊ ဒါကြောင့် ကော်မတီဝင်တွေကို ခေါင်းဆောင်မှုပညာဘာသာရပ်တွေရယ်၊ ရေရှည်ဖွံ့ဖြိုး တိုးတက်ဖို့ အခြေခံအဆောက်အဦတွေဆောင်ရွက်တဲ့နေရာမှာ သဘာဝနဲ့လိုက်လျောညီထွေရှိဖို့၊ သစ်ပင်ကြီးတွေကို ထိန်းသိမ်းဖို့၊ ရေအရင်းအမြစ်တွေထိန်းသိမ်းဖို့၊ လေထုညစ်ညမ်မှုတွေ လျှော့ချ လာနိုင်ဖို့၊ သစ်ပင်ပြုန်းတီး မှုမရှိစေရန် ထင်းအစားထိုးလောင်စာ၊ လျှပ်စစ်ဓာတ်အားကို အကျိုးရှိစွာ သုံးစွဲတတ်ဖို့၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေ စနစ်တကျလုပ်ဆောင်တတ်ဖို့ဆိုပြီးတော့ မိတ်ဘက် ဌာနတွေဖြစ်တဲ့ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့နဲ့ပူးပေါင်းပြီး သင်တန်းများဖွင့်လှစ်ပေးရခြင်း ဖြစ်ပါတယ်"ဟု မြို့နယ်ကျေးလက်ဦးစီးဌာန ဦးစီးမှူး ဦးမြတ်မျိုးထွန်းက ပြောသည်။
ဝန်းသိုမြို့နယ်တွင် ကျေးရွာအဆင့်ခေါင်းဆောင်မှုနှင့် အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကို မြစိမ်းရောင်ကျေးရွာ စီမံကိန်း အကောင်အထည်ဖော်သည့်ကျေးရွာ ၅ ရွာ၊ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကျေးရွာ ၁၀ရွာ၊ ရေပေးရေးလုပ်ငန်း ဆောင်ရွက်သည့်ကျေးရွာ ၆ရွာ၊ စုစုပေါင်း ကျေးရွာ ၂၁ရွာတို့ကို ဖွင့်လှစ် သင်ကြားရန် လျာထားလျက်ရှိပြီး ယခုအခါ ကျေးရွာပေါင်း ၁၁ရွာထိဆောင်ရွက် ပြီးစီပြီ ဖြစ်ကာ ကျန်ကျေးရွာ ၁၀ရွာအား ယခုလအတွင်းစွမ်းဆောင်ရည်မြှင့် သင်တန်း ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ် ကြောင်း သိရသည်။
ကျော်မြိုင်