ကန့်ဘလူမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကားလမ်းမပေါ်ရေကျော်

ကန့်ဘလူ စက်တင်ဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် ယမန်ရက် ည ၁၁ နာရီခန့်မှစတင်၍ မိုးများသည်းထန်းစွာ ရွာသွန်းခဲ့မှုကြောင့် မြောက်ချောင်း ရေပြည့်ရေလျှံကာ ကန့်ဘလူ- ကျွန်းလှ လမ်းပိုင်း ကန့်ဘလူမြို့နယ် လိတ္ထူကျေးရွာ မြောက်ဘက် မိုင်တိုင်အမှတ် ၁၉ /၄ နှင့် ၁၉ /၆ အကြား ကာလမ်းမပေါ် ရေကျော်လျက်ရှိကြောင်းသိရသည်။

  ” ရေက မနက် ၆ နာရီလောက်ထဲက ကားလမ်းမပေါ်ရေကျော်နေတာပါ။ ၁၁ နာရီခွဲလောက်ဆိုရင် ကားကြီးတွေနဲ့  ဆိုင်ကယ်တွေ ဖြတ်ကူးလို့ ရပါတယ်။ ညနေပိုင်းလောက်ဆိုရင် ခြေချင်းဝတ်မြှုပ်ရုံပဲ ရှိတော့တာပါ။ မြေနိမ့်ပိုင်းမှာရှိတဲ့ လူနေအိမ်အချို့ ရေဝင်ရောက်မှုရှိပေမယ့် ဘာမှထိခိုက် ပျက်စီးတာ မရှိပါဘူး။ စိုက်ပျိုးထားတဲ့ လယ်နဲ့မြေပဲခင်းအချို့ ထိခိုက်ပျက်စီးနိုင်ပါတယ်။ ရေထွက်ပေါက် ကျဉ်တဲ့အတွက်  ရေကျော်မှုဖြစ်ရတာပါ။ ဩဂုတ်လက တစ်ကြိမ်၊ ယခုလမှာ နှစ်ကြိမ် ရှိသွားပြီ။ မိုးများ ရင် ဒီနေရာ က အမြဲရေကျော်နေတာပါ ” ဟု လိတ္ထူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်မြင့် ကပြောသည်။

အဆိုပါ ရေကျော်နေမှုကြောင့် ခရီးသွားပြည်သူများ၏ကားများ၊ ဆိုင်ကယ်များ ​ဖြတ်သန်းသွားလာနိုင်ရေး ဒေသခံပြည်သူများက ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများမှလည်း ရေကျော်မှုကင်းဝေးစေရန် တံတားတည်ဆောက်နိုင်ရေး မြေနေရာများ ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း