မြိတ်မြို့တွင် Green Growth အစိမ်းရောင်ဒေသဖွံ့ဖြိုးရေး ပညာပေးသင်တန်းနှင့် ကျေးရွာ ခေါင်းဆောင်မှု သင်တန်းပေး

မြိတ် စက်တင်ဘာ ၁၉

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ရှိ ကျေးရွာများတွင် ဦးဆောင်လျက်ရှိသည့် ကျေးရွာ ခေါင်းဆောင်များ၏ ခေါင်းဆောင်မှုစွမ်းရည်မြှင့်မားလာစေရန် Green Growth အစိမ်းရောင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ပညာပေးသင်တန်းနှင့် ကျေးရွာခေါင်းဆောင်မှုသင်တန်းကို ကျေးရွာ (၁၄) ရွာအား ယမန်နေ့က တစ်နေ့တာ ဖွင့်လှစ်သင် ကြားပေးခဲ့ကြောင်း သိရသည်။

သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်သော ကျေးရွာများ ပေါ်ထွက်လာစေရန်နှင့် ကျေးရွာလူနေမှုဘဝများ အဆင့်မြင့်မား တိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် ကျေးရွာ (၁၄) ရွာမှ ကျေးရွာကော်မတီဝင်များ၊ ကျေးရွာသူ/သားများအား မြိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် သင်တန်းပေးခဲ့ခြင်း ဖြစ်သည်။

သင်တန်းတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်နှင့် ညီညွှတ်သည့် အခြေခံအဆောက်အဦ ကဏ္ဍ၊ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု၊ ရေအရင်းအမြစ်များ ထိန်းသိမ်းခြင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးဆိုင်ရာ အလေ့အကျင့်ကောင်းများစသည့် ဘာသာရပ်များကို ဆွေးနွေးပို့ချပေးခဲ့ကြသည်။

ပညာပေးသင်တန်း၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦး က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး  ဌာနဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍအလိုက်ဆွေးနွေးပို့ချ ပညာပေးခဲ့ကြ၍ သင်တန်းသားများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ အဆိုပါသင်တန်းကို  ကျေးရွာ(၁၄)ရွာမှ သင်တန်းသား/ သူ(၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခိုင်ထူး ( မြိတ် )