လှိုင်းဘွဲ့ စက်တင်ဘာ ၁၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ်တွင် အသက်(၅၅)နှစ်အထက် ပြည်သူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ တပ်ရင်း/တပ်ဖွဲ့ဝင်များ၊ ရွှေ့ပြောင်း လူအုပ်စုများနှင့် ယာယီ စခန်းမှ ပြည်သူလူထုများ၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများအား တတိယအသုတ် (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက လှိုင်းဘွဲ့မြို့ အောင်ဆန်း ခန်းမ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ စောငြိမ်းထွန်း မှ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများနှင့်ကြက်ခြေနီတပ်ဖွဲ့ဝင်များ က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံကြ သည့် ပြည်သူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု ပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူများကို မိနစ်(၃၀)ခန့် အနားယူ စေခြင်းများအား စီစဉ်ဆောင်ရွက်လျက်ရှိသည်။ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို လမ်းညွန်ချက်နှင့် အညီ စနစ်တကျထိုးနှံနိုင်ရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များနှင့် တာဝန်ရှိသူတို့က ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပြီး ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို လူဦးရေ(၁၁၃၅)ဦး ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
လှိုင်းဘွဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို လှိုင်းဘွဲ့မြို့ အောင်ဆန်းခန်းမ၊ ရွှေဂွန်း တိုက်နယ်ဆေးရုံ၊ မြိုင်ကြီးငူ တိုက်နယ်ဆေးရုံ၊ ပိုင်ကျုံမြို့ တိုက်နယ်ဆေးရုံနှင့် ရှမ်းရွာသစ်တိုက်နယ်ဆေးရုံ စုရပ်(၅)ခုတွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)