ဒီးမော့ဆိုမြို့နယ်တွင် ကျေးရွာအရောက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေး

ဒီးမော့ဆို သြဂုတ် ၁၄

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ၌ အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့် ရှိသူတိုင်း မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး သစ္စာစီမံချက် ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိရေး အတွက် ယနေ့ နံနက် ၉ နာရီက လိုပူကျေးရွာအုပ်စု ၊ လိုပူဒေါဆီးအီကျေးရွာသို့ နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ရှေးဦးစွာလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ် ဦးစီးမှူး ဦးစန်းဝေက ပြည်သူများ အနေဖြင့်မိမိဌာနမှ ယခုကဲ့သို့ ကွင်းဆင်း ဆောင်ရွက်ပေးချိန် တွင် မပျက်မကွက် ပူးပေါင်းပါဝင်ပေးစေ လိုကြောင်း၊ အသက်ပြည့်ပြီး နိုင်ငံသားတိုင်း၏ နိုင်ငံသား စိစစ်ရေးကတ်ပြား ရရှိကိုင်ဆောင်ထားခြင်းဖြင့် မဲပေးပိုင်ခွင့် အပါအဝင် မိမိတို့၏ နိုင်ငံသား အခွင့်အရေးများကို ရရှိလာမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံး ခေတ္တမြို့နယ်ဦးစီးမှူး ဦးမြင့်ဇော်နှင့် ဝန်ထမ်းများသည် Norwegian Refugee Council – NRC အဖွဲ့တို့နှင့်ပူးပေါင်း၍ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသည့် ကျေးရွာနေ ပြည်သူများ အတွက် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိအောင် ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း နှင့် အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုကို လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ကယားပြည်နယ် ဦးစီးမှူးရုံးမှ ပြည်နယ် ဦးစီးမှူးဦးစန်းဝေ၊ လွိုင်ကော်ခရိုင် ဦးစီးမှူး ဦးကျော်မော်ထွန်းတို့ လာရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ကြီးဒဲရယ်