တောင်ငူ ဩဂုတ် ၁၄
၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တောင်ငူခရိုင်အတွင်း ပါဝင် ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်တင်သွင်းလွှာများ စိစစ်ခြင်းကိုခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ယနေ့နံနက် ၁၀ နာရီမှ စတင်၍ စတုတ္ထနေ့အဖြစ် စိစစ် ဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် တောင်ငူခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင် (၇)ဦး က တိုင်းဒေသကြီး အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ်လောင်းနေရာအတွက် အမည် တင်သွင်းလွှာ တင်သွင်းသူ ( ၂၅) ဦး တို့၏ ရှေ့မှောက်တွင် ကိုယ်စားလှယ် လောင်းတစ်ဦးချင်းအလိုက် အမည်စာရင်းတင်သွင်းလွှာတွင် ဖော်ပြထားသော အမည်၊ နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ်၊ မွေးသက္ကရာဇ်တို့ မှန်ကန်ခြင်းရှိ/မရှိ၊ မူရင်းများတင်ပြနိုင်မှု နှင့် မြန်မာနိုင်ငံတွင် တစ်ဆက်တည်း ၁၀ နှစ် နေထိုင်ခြင်း ရှိ/မရှိ များကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းချက်များ အတိုင်း စိစစ်ခဲ့သည်။
အဆိုပါလွှတ်တော်ကိုယ်စားလှယ်လောင်းစိစစ်ခြင်းကို ဩဂုတ်လ (၁၁) ရက်နေ့မှ (၁၇)ရက်နေ့ အထိ စိစစ်သွားမည် ဖြစ်ပြီး တောင်ငူခရိုင်အတွင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း (၃၀) ဦး ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် လောင်း (၁၂)ဦး ၊ တိုင်းဒေသကြီးအမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်လောင်း (၃၈) ဦး ၊တိုင်းဒေသကြီးအမှတ် (၂ ) လွှတ်တော် ကိုယ်စားလှယ်လောင်း (၃၈)ဦးနှင့် တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ် (၁)ဦးစုစုပေါင်း (၁၁၈) ဦး အမည်စာရင်းတင်သွင်းထားကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရှိရသည်။
ခရိုင်(ပြန်/ဆက်)