မြိတ်မြို့တွင် အဆင့်မြှင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၂)သင်တန်းဆင်း

မြိတ်    စက်တင်ဘာ    ၁၇

         

နယ်စပ်ဒေသရှိ တိုင်းရင်းသူလေးများ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ပြီး လူမှု စီးပွားဘဝ မြှင့်တင်နိုင်စေရေး အတွက် နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန မြိတ်မြို့ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ ဖွင့်လှစ် ခဲ့သည့် အဆင့်မြှင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၂)ကို ယနေ့ နံနက်ပိုင်းက အဆိုပါ သင်တန်းကျောင်းတွင် သင်တန်းဆင်းပွဲ ကျင်းပခဲ့သည်။

           

သင်တန်းတွင် သင်တန်းသူများအား အပ်ချုပ်စက်၊ ဘီတင်စက်၊ ဒါးစက်၊ မော်တာအပ်ချုပ် စက်နှင့် ကွန်ပျူတာအပ်ချုပ်စက်များဖြင့် ကလေးဝတ်ဘာသာရပ်များ၊ အမျိုးသားဝတ် ဘာသာရပ်များ၊ အမျိုးသမီးခေတ် ပေါ်ပုံဆန်းဘာသာရပ်များ၊ လက်မှုဘာသာရပ်များ၊  ဂျပန် စင်တီမီတာနည်းဖြင့် သတို့သမီးဝတ်စုံများနှင့် ခေတ်ပေါ် ပုံဆန်းများကို အခြေခံ သင်ခန်း စာများနှင့် အဆင့်မြှင့်သင်ခန်းစာများကို စာတွေ့လက်တွေ့သင်ကြားပေးခဲ့ကြောင်း သင်တန်း ကျောင်းမှ သိရသည်။

         

သင်တန်းဆင်းပွဲတွင်  မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဉာဏ်ဇော် က သင်တန်းဆင်း အမှာစကား ပြောကြားပြီး ထူးချွန်သင်တန်းသူတစ်ဦးအား အပ်ချုပ်စက်တစ်လုံး ချီးမြှင့်ပေး အပ်သည်။ ထိုနောက် သင်တန်း ကျောင်း ကျောင်းအုပ် ဒေါ်စုမြတ်အေး က သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး တက် ရောက်လာကြသူများက သင်တန်းသူများ၏ သင်တန်းဆင်းလက်ရာများကို ကြည့်ရှုအားပေးခဲ့ကြသည်။

         

“ သင်တန်းမှာ ကလေးဝတ်၊ လူကြီးဝတ်၊ အမျိုးသမီးဝတ် စက်ချုပ်နည်းတွေ သင်ပေးပါတယ်။ ပုံဆန်းချုပ် နည်းတွေလည်း သင်ပေးပါတယ်။ စနေ တနင်္ဂနွေနေ့တွေမှာ မုန့်လုပ်တဲ့ပညာနဲ့ ဟင်းလျာချက်ပြုတ်နည်းလည်း သင်ပေးပါတယ်။ ရှေ့ဆက်ပြီး ထပ်ဆင့်သင်တန်းတွေ တက်ချင် ပါတယ်။ ပညာတွေသင်ချင်ပါတယ်။ ကိုယ့်ရပ်ရွာ မှာ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ် တည်ချင်ပါတယ်” ဟု မြိတ်မြို့နယ် မဇောကျေးရွာမှ သင်တန်းသူ နော်မို့မို့မြင့် က ပြောသည်။

         

သင်တန်းကို မြိတ်ခရိုင်အတွင်းမှ သင်တန်းသူအမျိုးသမီးငယ်(၂၄)ဦး တက်ရောက်ခဲ့ကြ၍ သင်တန်းကာလ ရက်သတ္တပတ်(၁၈)ပတ် ကာလအတွင်း အဆင့်မြင်စက်ချုပ်ဘာသာရပ်များနှင့် အိမ်တွင်းမှုဘာသာရပ်များ သင် ကြားပေးခဲ့ပြီး သင်တန်းကာလအတွင်း သင်တန်းသူတစ်ဦးကို ပိတ်စကိုက်(၂၀)၊ သိုးမွေး၊ စီလွန်နှင့် သင်တန်း သုံးပစ္စည်းများ ထောက်ပံ့ပေးကြောင်း၊  ထို့အပြင် သင်တန်းသူများကို စားသောက်စရိတ်နှင့် တူညီဝတ်စုံများ ထောက်ပံ့ပေးပြီး အပြန်ခရီး စရိတ်များကို ထောက်ပံ့ပေးကြောင်း သင်တန်းကျောင်းမှ သိရသည်။

 

ခိုင်ထူး ( မြိတ် )